International News

ဂျပန်နိုင်ငံအနေဖြင့် အရန်လောင်စာဆီများကို ထုတ်ရောင်းသွားမည်

Last Updated:

အရှေ့အလယ်ပိုင်းဒေသတွင်တင်းမာမှုများမြင့်မားလာခြင်းကြောင့် ရေနံ ဈေးနှုန်းများမြင့်တက်လျက်ရှိမှုကို တုံ့ပြန်သည့်အနေဖြင့် နိုင်ငံ့အရန်လောင်စာဆီများအနက် အချို့ကို ပထမဆုံးအကြိမ်အဖြစ် ထုတ်ရောင်းသွားမည်ဟု ဂျပန်အစိုးရက ထုတ်ပြန်ထားကြောင်း ၁၂-၃-၂၀၂၆ ရက်နေ့ထုတ် The Asahi Shimbun သတင်းစာတွင် “Japan plans unilateral oil reserve release, gasoline subsidy” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါ သည်။

အဆိုပါသတင်းတွင် ပုဂ္ဂလိကကဏ္ဍမှ သိုလှောင်ထားသော နိုင်ငံ့ရေနံသုံးစွဲမှု၏ ၁၅ ရက်စာနှင့်ညီမျှသည့်ပမာဏနှင့် အစိုးရမှ သိုလှောင်ထားသောနိုင်ငံ့ရေနံသုံးစွဲမှု၏ ၁ လစာနှင့်ညီမျှသော စုစုပေါင်းရေနံစည်သန်း ၈၀ ကို ဂျပန်နိုင်ငံအနေဖြင့် ထုတ်ရောင်းသွားမည်ဖြစ်ကြောင်း ဂျပန်စက်မှုဝန်ကြီးဌာနက ထုတ်ပြန်ထားကြောင်း၊ ထို့ပြင် လောင်စာဆီဈေးနှုန်းမှာ ၁ လီတာလျှင် ယန်း ၁၇၀ အထက်သို့ရောက်ရှိလာပါက နိုင်ငံအတွင်း လောင်စာဆီဈေးနှုန်းများမြင့်တက်မှုကို လျှော့ချနိုင်ရေး အတွက် အစိုးရမှ ထောက်ပံ့ငွေများပေးအပ်နိုင်ရေး စီစဉ်လျက်ရှိသည်ဟု ဂျပန်ဝန်ကြီးချုပ်က ပြောကြားထားကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံ၏ လောင်စာဆီဈေးနှုန်းမှာ ၁ လီတာလျှင် ယန်း ၂၀၀ အထက်ကို ရောက်ရှိလာနိုင်သည့်အတွက် ၂၀၂၅ ခုနှစ်အကုန်တွင် ရပ်ဆိုင်းခဲ့သည့် လောင်စာဆီအပေါ် အထောက်အပံ့ပေးသည့်အစီအစဉ်အား ၂၀၂၆ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့မှစတင်၍ လောင်စာဆီတင်သွင်းမည့်လုပ်ငန်းရှင်များအပေါ် ပံ့ပိုးမှုများပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် အလားတူ ဓာတ်ဆီ၊ ဒီဇယ်၊ စက်ဆီနှင့် ချောဆီများအပေါ်လည်း ပံ့ပိုးမှုများပေးအပ်သွားမည်ဖြစ်ကြောင်းဖော်ပြထားပါသည်။

၂၀၂၆ ခုနှစ်၊ မတ်လ ၉ ရက်နေ့တွင် ဂျပန်တစ်နိုင်ငံလုံး၏ ပျမ်းမျှဓာတ်ဆီဈေးနှုန်းမှာ ၁ လီတာလျှင် ၁၆၁.၈ ယန်းရှိခဲ့ပြီး၊ ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ၃.၃ ယန်းမြင့်တက်ခဲ့ကြောင်း Oil Information Center က ထုတ်ပြန်ထားကြောင်း၊ ဓာတ်ဆီလက်ကားရောင်းချသူများအနေဖြင့် ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့မှစတင်၍ ၁ လီတာလျှင် ပျမ်းမျှအားဖြင့် ၂၆ ယန်းတိုးမြှင့်ရောင်းချသွားရန် စီစဉ်ထားသည့် အတွက် ဂျပန်နိုင်ငံတစ်နိုင်ငံလုံး၏ ပျမ်းမျှလောင်စာဆီဈေးနှုန်း မှာ ၁ လီတာလျှင် ၁၈၀ ယန်းကိုကျော်လွန်နိုင်မည်ဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံနှင့် အစ္စရေးနိုင်ငံတို့မှ အီရန်နိုင်ငံကို တိုက်ခိုက်ခဲ့ပြီးနောက် အမေရိကန်နိုင်ငံတွင် ရေနံဈေးနှုန်းများယာယီမြင့်တက်ခဲ့ကြောင်း၊ အပြည်ပြည် ဆိုင်ရာ စွမ်းအင်အေဂျင်စီအဖွဲ့ဝင် ၃၂ နိုင်ငံအနေဖြင့် နိုင်ငံအလိုက်အရန်သိုလှောင်ထားသည့် လောင်စာဆီစည်ပေါင်းသန်း ၄၀၀ ကိုထုတ်ရောင်းသွားရန် ၁၁-၃-၂၀၂၆ ရက်နေ့တွင် သဘောတူညီခဲ့ကြကြောင်းနှင့် ထိုသို့ထုတ်ရောင်းပေးမှုမှာ အများဆုံးရောင်းချပေးမှုဖြစ်လာမည်ဖြစ်ကြောင်းနှင့် ရုရှား-ယူကရိန်းပဋိပက္ခဖြစ်ပွားခဲ့စဉ် ၂၀၂၂ ခုနှစ်တွင် အရန်ရေနံဆီစည်ပေါင်း သန်း ၁၈၀ ကို ထုတ်ရောင်းပေးခဲ့ဖူးကြောင်း ဖော်ပြထားပါသည်။

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: International News