International News

၂၀၂၅ ခုနှစ်၊ ဒုတိယ ၃ လပတ်တွင်း ဖိလစ်ပိုင်နိုင်ငံ၏ စပါးနှင့် ပြောင်းအထွက်နှုန်း မြင့်တက်ဖွယ်ရှိ

Last Updated:

ဖိလစ်ပိုင်စာရင်းအင်းအာဏာပိုင်အဖွဲ့မှ ထုတ်ပြန်သည့် ကိန်းဂဏန်း၊ အချက် အလက်များအရ ၂၀၂၅ ခုနှစ်၊ ဒုတိယ ၃ လပတ်ကာလအား ယခင်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်မည်ဆိုလျှင် စပါးနှင့် ပြောင်းအထွက်နှုန်းမှာ မြင့်တက်ဖွယ်ရှိကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ်၊ ဧပြီလမှ ဇွန်လအထိ စပါးအထွက်နှုန်းမှာ မက်ထရစ်တန်ချိန် ၄.၃၅ သန်းရှိပြီး ယခင်နှစ်အလားတူကာလက မက်ထရစ်တန် ၃.၅၈ သန်းသာထွက်ရှိခဲ့ပါသည်။ စပါးစိုက်ပျိုးမှုဧရိယာမှာလည်း ၈၉၀,၆၀၀ ဟက်တာမှ ၉၇၂,၇၅၀ ဟက်တာထိ တိုးချဲ့စိုက်ပျိုးနိုင်ခဲ့သည်ကို တွေ့ရှိရပါသည်။

၁-၆-၂၀၂၅ ရက်နေ့ ကိန်းဂဏန်းအချက်အလက်များအရ စပါးစိုက်ပျိုးမြေဧရိယာ ၁,၈၆၄,၄၁၀ ဟက်တာအနက် ၉၇၂,၇၅၀ ဟက်တာမှာ ရိတ်သိမ်းပြီးဖြစ်ပါကြောင်းနှင့် စပါးအထွက်နှုန်းမှာ မက်ထရစ်တန် ၃.၈၉ သန်းဖြစ်ပါသည်။ စပါးတောင်သူများမှ ၂၀၂၅ ခုနှစ်၊ ဒုတိယ ၃ လပတ်အတွင်း စိုက်ပျိုးရန်လျာထားသည့် စိုက်ပျိုးမြေဧရိယာ ၈၈၉,၂၉၀ ဟက်တာ၏ ၄၆.၆% ဖြစ်သော ၄၁၄,၁၉၀ ဟက်တာမှာ အမှန်တကယ်စိုက်ပျိုးခဲ့သည့် ဧရိယာဖြစ်ပါကြောင်း ဖော်ပြပါရှိပါသည်။ ထို့ပြင် ၁-၆- ၂၀၂၅ ရက်စွဲပါအရ လက်ရှိစပါးစိုက်ပျိုးမြေ ၅၂၂,၅၃၀ ဟက်တာ၏ ၅၁% မှာ vegetative stage ၊ ၂၉.၄% မှာ reproductive stage နှင့် ကျန် ၁၉.၆% မှာ maturing stage ဖြစ်ပါသည်။

ပြောင်းစိုက်ပျိုးထွက်ရှိမှုမှာ ၂၀၂၅ ခုနှစ်၊ ဒုတိယ ၃ လပတ်တွင် မက်ထရစ်တန် ၁.၄၈၇ သန်းရှိမည်ဟု ခန့်မှန်းရရှိထားပြီး ၂၀၂၄ ခုနှစ်က မက်ထရစ်တန်ချိန် ၁.၁၇ သန်းသာထွက်ရှိခဲ့ပါသည်။ ပြောင်းစိုက်ပျိုးမြေဧရိယာမှာ ၃၄၆,၈၈၀ ဟက်တာမှ ၄၀၂,၇၃၀ ဟက်တာထိမြင့်တက်ခဲ့ပြီး အထွက်နှုန်းမှာလည်း မနှစ်ကထက် ၃.၃၈% ၊ မက်ထရစ်တန်ချိန် ၃.၆၉ သန်းထိတိုးမြင့်ခဲ့ပါသည်။ ၁-၆-၂၀၂၅ ရက်နေ့ ကိန်း ဂဏန်းအချက်အလက်များအရ ပြောင်းစိုက်ဧရိယာ ၄၀၂,၇၃၀ ဟက်တာ၏ ၈၂.၁% ဖြစ်သော ၃၃၀,၆၈၀ ဟက်တာအား ရိတ်သိမ်းပြီးဖြစ်ပြီး ပြောင်းအထွက်နှုန်းမှာ မက်ထရစ်တန်ချိန် ၁.၂၉ သန်းထိရရှိခဲ့ကြောင်း ဖော်ပြပါရှိပါသည်။ လက်ရှိပြောင်းစိုက်ပျိုးမြေ၏ ၅၃.၇% မှာ vegetative stage ၊ ၂၉.၆ % မှာ reproductive stage နှင့် ကျန် ၁၆.၆% မှာ maturing stage တို့ဖြစ်ပါသည်။

(ကေသွယ်ခိုင်၊ စီးပွားရေးသံမှူး၊ မနီလာမြို့)

Category: International News