International News

ရုရှားနိုင်ငံသည် အင်ဒိုနီးရှားနိုင်ငံမှ စားအုန်းဆီကို ပိုမိုတင်သွင်းရန် လိုလားလျက်ရှိ

Last Updated:

ရုရှားနိုင်ငံသည် အင်ဒိုနီးရှားနိုင်ငံမှ စားအုန်းဆီတင်သွင်းရန် အလွန်စိတ်ဝင်စားလျက်ရှိကြောင်း အင်ဒိုနီးရှားနိုင်ငံ၊ စိုက်ပျိုးရေးဝန်ကြီး Andi Amran Sulaiman ၏ပြောကြားချက်အရ သိရှိရပါသည်။Andi Amran Sulaiman က “ရုရှားနိုင်ငံသည် အင်ဒိုနီးရှားနိုင်ငံမှ စားအုန်းဆီတင်သွင်းရန် အလွန်စိတ်ဝင်စားလျက်ရှိကြောင်း၊ ရုရှားနိုင်ငံသို့ တင်ပို့မည့် စားအုန်းဆီတန်ချိန်ကို မဖော်ပြသော်လည်း တန်ချိန်များမည်ဖြစ်ကြောင်း၊ စားအုန်ဆီပိုမိုတင်သွင်းလိုမှုသည် အင်ဒိုနီးရှားနိုင်ငံ၏ ဆီအုန်းလုပ်ငန်းကဏ္ဍနှင့် ဆီအုန်းစိုက်ပျိုးလုပ်ငန်းငယ်များ၏ လူမှုဖူလုံရေးတို့အပေါ် ကောင်းမွန်သည့် သက်ရောက်မှု ဖြစ်စေမည်ဖြစ်ကြောင်း” ပြောကြားခဲ့ပါသည်။

“ရုရှားနိုင်ငံနှင့်ပူးပေါင်းမှုသည် တရုတ်နိုင်ငံနှင့်အိန္ဒိယနိုင်ငံတို့သို့တင်ပို့လျက်ရှိသည့် စားအုန်းဆီဈေးကွက်အပြင် ဈေးကွက်ချဲ့ထွင်ရန် မဟာဗျူဟာတစ်ရပ်ဖြစ်ကြောင်း၊ စားအုန်းဆီဈေးကွက် ပိုမိုရရှိစေရေး ဆောင်ရွက်မှုတစ်ခုအနေဖြင့် ရုရှားနိုင်ငံသို့ စားအုန်းဆီကြမ်းတင်ပို့နိုင်ရေး အစိုးရအနေဖြင့် တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း၊ကမ္ဘာ့အကြီးဆုံးစားအုန်းဆီထုတ်လုပ်သည့်နိုင်ငံအဖြစ် အင်ဒိုနီးရှားနိုင်ငံ၏ တည်ရှိမှုကို ခိုင်မာစေမည်ဖြစ်ကြောင်း” Andi Amran Sulaiman က ပြောကြားခဲ့ ပါသည်။

နှစ်နိုင်ငံအကြား မဟာဗျူဟာကျသည့် ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ်များ ဆွေးနွေးရန်အတွက် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလတွင် နှစ်နိုင်ငံအစည်းအဝေးကို ပြုလုပ်မည်ဖြစ်ပြီး ရုရှားနိုင်ငံ၏ စိုက်ပျိုးရေးဝန်ကြီး Oksana Nikolaevna Lut က ဖိတ်ကြားစာပေးပို့ခဲ့ပါသည်။“ရုရှားနိုင်ငံမှ ဖိတ်ကြားစာကိုလက်ခံရရှိပြီဖြစ်ကြောင်း၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးသွားမည်ဖြစ် ကြောင်း” Andi Amran Sulaiman က ပြောကြားခဲ့ပါသည်။ဇွန်လ ၁၉ ရက်နေ့တွင် St Petersburg မြို့တွင်ပြုလုပ်ခဲ့သည့်အစည်းအဝေး၌ Andi Amran Sulaiman နှင့် Oksana Nikolaevna Lut တို့သည် သကြားလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေး၊ အင်ဒိုနီးရှားနိုင်ငံ၏စားအုန်းဆီကြမ်းကို ရုရှားနိုင်ငံသို့ပိုမိုတင်ပို့ရေး၊ ဓာတ်မြေ ဩဇာလုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရန်ပူးပေါင်းဆောင်ရွက်ရေး၊ရုရှားနိုင်ငံမှ အသား တင်သွင်းမှုရရှိစေရေး၊ သုတေသနနှင့် စိုက်ပျိုးရေးနည်းပညာပူးပေါင်းဆောင်ရွက်မှု ခိုင်မာအားကောင်းစေရေးစသည့် အချက်များကို ဆွေးနွေးခဲ့ပါသည်။

အင်ဒိုနီးရှားအစိုးရအနေဖြင့် ရုရှားနိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်မှုသည် ရုရှားနိုင်ငံနှင့် ဒေသတွင်းရှိအခြားနိုင်ငံများသို့ ဈေးကွက်အသစ်ရရှိစေမည်ဖြစ်ပြီး နှစ်နိုင်ငံအကြား ကုန်သွယ်မှုဆက်ဆံရေး(အထူးသဖြင့် စိုက်ပျိုးရေးကဏ္ဍ)နှင့် သံတမန်ဆက်ဆံရေးတို့တွင် ခိုင်မာအားကောင်းစေရန် မျှော်မှန်းလျက်ရှိပါသည်။

ရင်းမြစ်။        Indonesian Palm Oil Association

(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)

Category: International News