International News

Huawei နှင့် SP Group တို့ပူးပေါင်း၍ စင်ကာပူနိုင်ငံ၏ အမြန်ဆုံးအားသွင်းနိုင်မည့် လျှပ်စစ်သုံးယာဉ်အားသွင်းကိရိယာကို ၂၀၂၅ ခုနှစ်၊ စတုတ္ထ ၃ လပတ်တွင် စတင်အသုံးပြုနိုင်ရန်မျှော်မှန်း

Last Updated:

၂၀၂၅ ခုနှစ်၊စတုတ္ထ ၃ လပတ်တွင် တရုတ်နည်းပညာကုမ္ပဏီကြီးဖြစ်သည့် Huawei နှင့် SP Group တို့ပူးပေါင်း၍ စင်ကာပူနိုင်ငံ၏ အမြန်ဆုံးအားသွင်းနိုင်မည့် လျှပ်စစ်သုံးယာဉ်အားသွင်းကိရိယာ “ultra-fast” charger ကိုပြုလုပ်မည်ဖြစ်ပါသည်။ ကုမ္ပဏီနှစ်ခု၏ ပူးတွဲကြေညာချက်အရ အဆိုပါ EV Charger ကို Temasek Polytechnic တွင်ထားရှိမည်ဖြစ်ပြီး လျှပ်စစ်ရရှိနိုင်မှုအပေါ်မူတည်၍ ၄၈၀ ကီလို ဝပ်အထိ အားသွင်းနိုင်မည်ဖြစ်ပါသည်။

ကုမ္ပဏီ ၂ ခုသည် စင်ကာပူနိုင်ငံရှိ မဟာဗျူဟာကျသည့် နေရာများတွင် ဖွံ့ဖြိုးတိုးတက်မှုနှင့် အဆင့်မြင့်လျှပ်စစ်အားသွင်းစနစ်ကို အသုံးချရန်၊ အလွန်လျင်မြန်စွာအားသွင်းနိုင်မည့် အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးနည်းပညာများ မျှဝေရန်စသည်တို့အတွက် နားလည်မှုစာချွန်လွှာကိုလက်မှတ်ရေးထိုးခဲ့ပါသည်။ အဆိုပါ သဘောတူညီချက်သည် ခရီးသည်တင်လျှပ်စစ်သုံးယာဉ်များအတွက်သာမက ပုဂ္ဂလိကခရီးသည်တင်ယာဉ်များအပါအဝင် စီးပွားရေးလုပ်ငန်းသုံးလျှပ်စစ်သုံးယာဉ်များအတွက်လည်း အကျုံးဝင်မည်ဖြစ်ပါသည်။

Huawei International ၏ အမှုဆောင်အရာရှိချုပ် Maxi Wang က “မော်တော် ယာဉ်အုပ်စုကို ထိန်းချုပ်ကွပ်ကဲသူများ၏လိုလားချက်အပေါ်မူတည်၍ အနာဂတ်တွင်လိုအပ်လာနိုင်သည့် အခြေအနေများကို အဆင်ပြေလွယ်ကူစေရေး charger ကို ပုံစံထုတ်လုပ်ထားခြင်းဖြစ်ကြောင်း” ပြောကြားခဲ့ပါသည်။ SP Group ၏မန်နေးဂျင်းဒါရိုက်တာ Mr. Dean Cher က “ကုန်စည်တင်လျှပ်စစ်သုံးယာဉ်ကြီးများတွင် စင်ကာပူနိုင်ငံ၏ အလျင်မြန်ဆုံးလျှပ်စစ်သုံးယာဉ်အားသွင်းခြင်းကို အသုံးပြုခြင်းသည် အဓိကကျသည့်အချက်ဖြစ်ကြောင်း၊ အားသွင်းရာတွင် အချိန်ကြာမြင့်မှုနည်းခြင်းသည် ယာဉ်ရပ်နားထားမှုအချိန်ကို လျော့ကျစေပြီး နိုင်ငံအတွက် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းသည့်သယ်ယူပို့ဆောင်ရေးကိုဖြစ်စေကြောင်း” ပြောကြားခဲ့ပါသည်။

အမြင့်ဆုံးအားသွင်းနိုင်မည့်နှုန်းမှာ လျှပ်စစ်သုံးယာဉ်တစ်စီးအတွက် ၅ မိနစ်လျှင် ကီလိုမီတာ ၂၀၀ ထပ်တိုးမောင်းနှင်နိုင်မည်ဖြစ်ပါသည်။ Huawei Digital Power Technologies နှင့် SP Mobility ၏အားသွင်းကွန်ရက်တို့ဖြင့် အများပြည်သူသုံးအမြန်ဆုံးအားသွင်း charger ကို စင်ကာပူနိုင်ငံတွင် အသုံးပြုနိုင်မည်ဖြစ်ပြီး အနည်း ဆုံးအားသွင်းရာနေရာ ၄ ခုအထိထားရှိမည်ဖြစ်ပါသည်။

လျှပ်စစ်သုံးယာဉ်များကို အားသွင်းရာတွင် အကြီးဆုံးကန့်သတ်ချက်ဖြစ်သည့် အပူချိန်အတွက် Charging unit နှင့် ကေဘယ်ကြိုးနှစ်ခုလုံးကို အရည်ဖြင့်အအေးခံသည့်စနစ်(Liquid cooling system)ဖြင့် ထိန်းညှိပေးပါသည်။ မော်တော်ယာဉ်ထုတ်လုပ်သူများ၏ ပြောကြားချက်အရ အမြန်ဆုံးအားသွင်းနိုင်မည့် လျှပ်စစ်သုံးယာဉ်အားသွင်းကိရိယာ(EV Charger)နောက်တစ်ခုမှာ Tesla ၏ Supercharger ဖြစ်ပြီး ၂၅၀ ကီလိုဝပ်နှင့် ၁၅ မိနစ်လျှင် ၂၇၀ ကီလိုမီတာထပ်တိုးမောင်းနှင်နိုင်မည် ဖြစ်ပါသည်။

ရင်းမြစ်။        The Business Times

(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)

Category: International News