အမေရိကန်နိုင်ငံ၊ ကုန်သွယ်ရေးကိုယ်စားလှယ်(United States Trade Representative,USTR)သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ညွှန်ကြားချက်အရ ၁၉၇၄ ခုနှစ်၊ကုန်သွယ်ရေးအက်ဥပဒေပုဒ်မ(၃၀၁)ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဘရာဇီးလ်နိုင်ငံမှ ကုန်ပစ္စည်းအချို့အပေါ်သွင်းကုန်ခွန် ၂၅% သတ်မှတ်စည်းကြပ်မည်ဖြစ်ကြောင်း ၁၅-၇-၂၀၂၆ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပြီး၊ အဆိုပါဆုံးဖြတ်ချက်သည် ဘရာဇီးလ်နိုင်ငံ၏ ဒီဂျစ်တယ်ကုန်သွယ်မှုနှင့် အီလက်ထရောနစ်ငွေပေးချေ ဝန်ဆောင်မှုများ၊ တရားမျှတမှုမရှိသည့် တစ်ဖက်သတ်အကောက်ခွန်များ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွင် အားနည်းမှု၊ ဉာဏပစ္စည်းမူပိုင်ခွင့်ကိုကာကွယ်ခြင်း၊ အီသနောဈေးကွက်ဝင်ရောက်ခွင့်နှင့် တရားမဝင်သစ်တောပြုန်းတီးမှုတို့နှင့်စပ်လျဉ်းသည့် ဆောင်ရွက်ချက်များသည် ကျိုးကြောင်းဆီလျော်မှုမရှိသည့်အပြင် အမေရိကန်တောင်သူများ၊ အလုပ်သမားများ၊ ဆန်းသစ်တီထွင်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များ၏ စီးပွားရေးဆိုင်ရာ ဆောင်ရွက်မှုများအပေါ် ဝန်ထုပ်ဝန်ပိုး (သို့မဟုတ်) အကန့်အသတ်ဖြစ်စေသည်ဟု ဆုံးဖြတ်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း၊ USTR သည် လူထုကြားနာပွဲ(၂)ကြိမ်ပြုလုပ်ခဲ့ပြီး ထင်မြင်ချက်(၃၆၀) ကျော်ကို လက်ခံရရှိခဲ့ကာ အမေရိကန်နိုင်ငံ၏ စိုးရိမ်မှုများကို ဖြေရှင်းနိုင်ရန်အတွက် ဘရာဇီးလ်အစိုးရနှင့် အကြိမ်ကြိမ်ညှိနှိုင်းဆွေးနွေးပြီးနောက်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
တရားမျှတမှုမရှိသော ကုန်သွယ်မှုအလေ့အထများကို ဆန့်ကျင်၍ အမေရိကန်နိုင်ငံ၏စီးပွားရေးအကျိုးဖြစ်ထွန်းမှုကို ကာကွယ်စောင့်ရှောက်ခြင်းသည် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ အဓိကမူဝါဒဖြစ် ကြောင်း၊ ဘရာဇီးလ်နိုင်ငံ၏ တရားမျှတမှုမရှိသည့် ကုန်သွယ်မှုအလေ့ အထများသည် အမေရိကန်အလုပ်သမားများနှင့် ထုတ်လုပ်သူများအတွက် ဈေးကွက်ဝင်ရောက်ခွင့်များဆုံးရှုံးစေခဲ့ကြောင်း၊ အမေရိကန်အလုပ်သမားများနှင့် ကုမ္ပဏီများအနေဖြင့် တန်းတူညီမျှယှဉ်ပြိုင်ခွင့်ရရှိစေရန်အတွက် တရားမျှတမှုမရှိသာ ကုန်သွယ်မှုအလေ့အထကျင့်သုံးဆောင်ရွက်မှုများကို ဖြေရှင်းနိုင်ရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ လွန်ခဲ့သည့်တစ်နှစ်တာကာလအတွင်း ဘရာဇီးလ်နိုင်ငံနှင့်ကျယ်ပြန့်စွာညှိနှိုင်းခဲ့သော်လည်း ဖြေရှင်းဆောင်ရွက်နိုင်ခဲ့ခြင်းမရှိကြောင်းနှင့် ယခုစုံစမ်းစစ်ဆေးမှုတွင် ဖော်ထုတ်တွေ့ရှိခဲ့သည့် ပြဿနာများနှင့်စပ်လျဉ်း၍ လိုအပ်သည့်ပြုပြင်ပြောင်းလဲမှုများပြုလုပ်နိုင်ရေးအတွက် ဘရာဇီးလ်နိုင်ငံနှင့် ဆက်လက်ညှိနှိုင်းရန်အသင့်ရှိသည်ဟု အမေရိကန်နိုင်ငံ၊ ကုန်သွယ်ရေးကိုယ်စားလှယ်က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
ယခုသတ်မှတ်သည့် ၂၅% သွင်းကုန်ခွန်သည် ဘရာဇီးလ်နိုင်ငံမှတင်သွင်းသည့် ကုန်ပစ္စည်းအများစုအပေါ် သက်ရောက်မည်ဖြစ်ပြီး၊ သတင်းအချက်အလက်ဆိုင်ရာပစ္စည်းများ၊ လှူဒါန်းသည့် ပစ္စည်းများနှင့် ခရီး သည်နှင့်အတူပါလာသည့် ခရီးဆောင်အိတ်များ၊ Trade Expansion Act ၏ပုဒ်မ(၂၃၂)အရ အခွန်စည်းကြပ်မှုများနှင့်သက်ဆိုင်သည့်ပစ္စည်းများနှင့်၎င်းတို့၏အစိတ်အပိုင်းများ၊ ပြည်တွင်းတွင် လုံလောက်စွာ ထုတ်လုပ် နိုင်ခြင်းမရှိသည့်ကုန်ကြမ်းများ၊ယခုအဆိုပြုထားသည့် သွင်းကုန်ခွန်များ ထပ်မံချမှတ်ခံရပါက အမေရိကန်နိုင်ငံ၏စီးပွားရေးကိုထိခိုက်စေနိုင်သည့်ထုတ်ကုန်များ၊ အမေရိကန်နိုင်ငံတွင် လုံလောက်စွာစိုက်ပျိုးထုတ်လုပ်နိုင်ခြင်းမရှိသည့်အပြင် အခြားနိုင်ငံများမှလည်း မရရှိနိုင်သည့်အချို့ထုတ်ကုန်များ၊ ထပ်ဆောင်းအခွန်စည်းကြပ်သော်လည်း ဘရာဇီးလ်နိုင်ငံ၏ဆောင်ရွက်ချက်များကိုအဆုံးသတ်စေရန် သိသာစွာအထောက်အကူမဖြစ်နိုင်သည့် ကုန်ပစ္စည်းများအပေါ်သက်ရောက်မှုရှိမည်မဟုတ်ကြောင်း၊ အမေရိကန်သမ္မတအနေဖြင့် ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှုကို အကောင်းဆုံးဖြစ်စေရန်၊ ပြည်ပကုန်သွယ်မှုဆိုင်ရာအတားအဆီးများကို ကိုင်တွယ်ဖြေရှင်းရန်နှင့် ပြည်တွင်းကုန်ထုတ်လုပ် မှုကို အားကောင်းစေရန်တို့အတွက် သွင်းကုန်ခွန်များချမှတ်ခြင်းနှင့် ကုန်သွယ်မှုဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုဆောင်ရွက်ချက်သည် ဘရာဇီးလ်နိုင်ငံနှင့် ပိုမိုတရားမျှတသော ကုန်သွယ်မှုကိုဖန်တီးပြီး အမေရိကန်နိုင်ငံ၏ ယှဉ်ပြိုင်နိုင်စွမ်းကိုမြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း USTR ၏ထုတ်ပြန် ကြေညာချက်တွင် ဖော်ပြထားပါသည်။
Source: the Office of the United States Trade Representative (USTR)
(ခင်မျိုးသော်၊ စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)