International News

ကုန်သွယ်ရေးဆက်ဆံမှုနက်ရှိုင်းလာခြင်းနှင့်အတူ တရုတ်နိုင်ငံသို့ ပဲပုပ်နှင့် အမဲသားတင်ပို့မှုတိုးချဲ့လာသည့် ဘရာဇီးနိုင်ငံ

Last Updated:

ဘရာဇီးနိုင်ငံသည် တရုတ်နိုင်ငံသို့ ပဲပုပ်(soybean)နှင့် အမဲသား(beef) တင်ပို့မှုများ တိုးချဲ့ဆောင်ရွက်လျက်ရှိသည်။ယင်းလုပ်ဆောင်ချက်သည် ကမ္ဘာ့ကုန်သွယ်ရေးစိန်ခေါ်မှုများနှင့် အကောက်ခွန်ဖိအားများကြားတွင် တရုတ်နှင့် လက်တင်အမေရိကနိုင်ငံများကြားရှိ ကုန်သွယ်ရေးဆက်ဆံရေး ပိုမိုခိုင်မာလာသည်ကို ပြသနေကြောင်း တရုတ်ကျွမ်းကျင်သူတစ်ဦးက ပြောကြားခဲ့သည်။

ဘရာဇီးအမျိုးသားကောက်ပဲသီးနှံတင်ပို့သူများအသင်း (Brazilian National Association of Grain Exporters - ANEC)မှထုတ်ပြန်သည့် အချက်အလက်များအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း ဘရာဇီးနိုင်ငံသည် ပဲပုပ်တန်ချိန် ၁၀၂ သန်းခန့်တင်ပို့မည်ဟု ခန့်မှန်းထားပြီး ၂၀၂၃ ခုနှစ်၏ စံချိန်တင်ပို့မှုတန်ချိန် ၁၀၁ သန်းထက် ကျော်လွန်နေကြောင်း တွေ့ရှိရသည်။

ANEC ၏အချက်အလက်များအရ တရုတ်နိုင်ငံသည် ဘရာဇီးနိုင်ငံ၏ အကြီးဆုံးပဲပုပ်တင်ပို့ရာ ဈေးကွက်အဖြစ် ဆက်လက်တည်ရှိနေပြီး ယခုအချိန်ထိ ဘရာဇီးမှ ပဲပုပ်ပို့ကုန်များ၏ ၇၉ ရာခိုင်နှုန်းသည် တရုတ်နိုင်ငံသို့ ရောက်ရှိခဲ့သည်။

ဘရာဇီးနိုင်ငံမှ ပဲပုပ်များအပြင် အမဲသားကဲ့သို့သော အခြားထုတ်ကုန်များသည်လည်း တရုတ်ဈေးကွက်တွင် နေရာရလျက်ရှိသည်။ Reuters ၏သတင်းဖော်ပြချက်အရ ၂၀၂၅ ခုနှစ် စက်တင်ဘာလတွင် ဘရာဇီး၏ တရုတ်နိုင်ငံသို့ အမဲသားတင်ပို့မှုသည် ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၃၈.၃ ရာခိုင်နှုန်းတိုးတက်လာခဲ့ပြီး တန်ချိန် ၁၈၇,၃၄၀ အထိရှိခဲ့ကြောင်း တွေ့ရှိရသည်။

ဘရာဇီးနိုင်ငံကဲ့သို့ တောင်အမေရိကနိုင်ငံများမှ ပဲပုပ်နှင့် အသားတင်ပို့မှုများသည် အဓိကကုန်သွယ်ရေးမိတ်ဖက်ဖြစ်သည့် တရုတ်ဈေးကွက်သို့ ပိုမိုဦးတည်နေကြောင်း၊ အမေရိကန်နိုင်ငံ၏ အကောက်ခွန်နှုန်းထားများကြောင့်ဖြစ်ပေါ်လာသော ကမ္ဘာလုံးဆိုင်ရာအကျပ်အတည်းများကြားတွင် ကုန်သွယ်ရေးရှုထောင့်သစ်၏ ထင်ရှားသောလက္ခဏာကို ဖော်ဆောင်နေကြောင်း ပေကျင်းမြို၊ တရုတ်နိုင်ငံတကာလေ့လာရေးအင်စတီကျု့(China Institute of International Studies)မှ ညွှန်ကြားရေးမှူး ဝမ်ယူမင်း(Wang Youmin)က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် လက်တင်အမေရိက(Latin America)တွင် ဒုတိယအကြီးဆုံးကုန်သွယ်ရေးမိတ်ဖက်ဖြစ်ပြီး ဘရာဇီး၊ ချီလီနှင့် ပီရူးကဲ့သို့သောနိုင်ငံများအတွက် အကြီးဆုံးကုန်သွယ်ရေးမိတ်ဖက်ဖြစ်ကြောင်းရှင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။

အမေရိကန်နိုင်ငံ၏ မြင့်မားသော အကောက်ခွန်ဖိအားများအောက်တွင် တောင်အမေရိကကုမ္ပဏီများအနေဖြင့် ကုန်သွယ်ရေးစွမ်းဆောင်ရည်ကို လျှော့ချရန်အတွက် တရုတ်နိုင်ငံသို့ တင်ပို့မှုများတိုးမြှင့်ဆောင်ရွက်နေ သည်။ တရုတ်နိုင်ငံ၏ ကြီးမားသော စားသုံးသူဈေးကွက်သည် အဆိုပါထုတ်ကုန်များအတွက် ရှားပါးသောအခွင့်အလမ်းများကို ဖန်တီးပေးနေကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။ တရုတ်ကုမ္ပဏီများအနေဖြင့်လည်း နိုင်ငံတစ်ခုတည်းအပေါ် အလွန်အမင်းမှီခိုမှုကြောင့် ဖြစ်ပေါ်လာသော ကုန်သွယ်ရေးစွမ်းဆောင်ရည်များကို လျှော့ချရန်အတွက် ၎င်းတို့၏သွင်းကုန်လမ်းကြောင်းများကို စုံလင်အောင်ဆောင်ရွက်လာလျက်ရှိကြောင်း တွေ့ရှိရသည်။

တရုတ်နိုင်ငံသည် ဘရာဇီးနိုင်ငံ၏ အကြီးဆုံးကုန်သွယ်ရေးမိတ်ဖက်အဖြစ် ၁၆ နှစ်ဆက်တိုက်ရပ်တည်နေပြီး တရုတ်-ဘရာဇီးဆက်ဆံရေး ၏အရေးပါမှုကို ပိုမိုထင်ရှားစေသည်ဟု စက်တင်ဘာလက တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည့် ဆောင်းပါးတစ်ပုဒ်အရ သိရှိရသည်။

ဘရာဇီး ပဲပုပ်စိုက်ပျိုးသူများအသင်း(Brazilian Soybeans Growers Association)၏ဥက္ကဋ္ဌ Maurício Buffon က ယခုနှစ်ပေါင်းများစွာအတွင်း တရုတ်နိုင်ငံသည် ဘရာဇီး၏ပဲပုပ်တင်ပို့မှုစုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းခန့်ကို ရယူထားသော ထိပ်တန်းတင်ပို့သည့် နိုင်ငံတစ်ခုဖြစ်ခဲ့ကြောင်းနှင့် အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်ရန်အတွက် ကြီးမားသောစွမ်းဆောင်နိုင်မှုများ ဆက်လက်ရှိနေကြောင်း ပြောကြားခဲ့သည်။

ဘရာဇီးနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား ကုန်သွယ်ရေးမိတ်ဖက်ဖြစ်တည်မှုသည် ဘရာဇီးနိုင်ငံအတွက် အလွန်အရေးကြီးကြောင်း၊ ဘရာဇီးနိုင်ငံ၏ထုတ်ကုန်များသည် ကြီးမားသော တရုတ်ဈေးကွက်၏ လိုအပ် ချက်များကိုဖြည့်ဆည်းနိုင်ရန်အတွက် အကောင်းဆုံးကုန်ကျမှုနှင့် အကျိုးကျေးဇူးအချိုး(best cost-benefit ratio)ကို ပေးစွမ်းနိုင်ကြောင်း Buffon က ပြောကြားခဲ့သည်။

ပဲပုပ်နှင့် အမဲသားများအပြင် ပြောင်း(corn)ကဲ့သို့သော အခြားစိုက်ပျိုးရေးထုတ်ကုန်များသည်လည်း ဘရာဇီးနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့မှု၏ တစ်စိတ်တစ်ပိုင်းဖြစ်လာခဲ့ပြီး အပြန်အလှန်အကျိုးကျေးဇူး ရရှိစေရန်အတွက် တရုတ်-ဘရာဇီးကုန်သွယ်ရေးကို ထပ်မံတိုးချဲ့ရန်အတွက် ကြီးမားသောအခွင့်အလမ်းများ ရရှိစေသည်ကို တွေ့ရှိရပါ သည်။

အရင်းမြစ်။ https://en.people.cn/n3/2025/1010/c90000-20374894.html

(လျန်ရှန်းမုန်၊ စီးပွားရေးသံမှူး၊ ကူမင်းမြို့)

Category: International News