International News

၂၀၂၆ ခုနှစ်တွင် ဟောင်ကောင်ဒေသပို့ကုန် ၉ ရာခိုင်နှုန်းတိုးတက်နိုင်ဖွယ်ရှိ

Last Updated:

ဉာဏ်ရည်တု(AI)နှင့် ဆက်စပ်လျှပ်စစ်ထုတ်ကုန်များအား ဝယ်လိုအားသိသိသာသာမြင့်တက်ခြင်းကြောင့် လာမည့် ၂၀၂၆ ခုနှစ်တွင် ဟောင်ကောင်ဒေသ၏ ပို့ကုန်တင်ပို့မှု ၉ ရာခိုင်နှုန်းမြင့်တက်လာမည့် ခန့်မှန်းကြောင်း ဟောင်ကောင်ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (HKTDC)မှ ထုတ်ပြန်သည့်အစီရင်ခံစာတွင် ဖော်ပြထားကြောင်း The Standard သတင်းဌာနမှ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်တွင် “HK exports to grow up to 9pc in 2026, boosted by AI-driven electronics demand” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း ဟောင်ကောင်ဒေသ၏ ပို့ကုန်တင်ပို့မှုတန်ဖိုးသည် ယခင်နှစ်အလားတူကာလထက် ၁၃.၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ခြင်းကြောင့် ၂၀၂၅ ခုနှစ် တစ်နှစ်လုံးအနေ ဖြင့် ၁၃ ရာခိုင်နှုန်းအထိတိုးတက်မည်ဟု HKTDC က ခန့်မှန်းထားကြောင်း ဖော်ပြထားပါသည်။

အကောက်ခွန်တိုးမြှင့်ကောက်ခံမှုကို ရှောင်လွှဲနိုင်ရန် ယခုနှစ်အစောပိုင်း ၌ ကုန်စည်များကြိုတင်တင်ပို့ထားခြင်းကြောင့် လာမည့်နှစ် ပို့ကုန်တင်ပို့မှုခန့်မှန်းချက်အပေါ် အကျိုးသက်ရောက်နိုင်မည်ဖြစ်ကြောင်း၊ ထိုသို့မဟုတ်ပါက ဒေသ၏ပို့ကုန်တင်ပို့မှုသည် ၁၀ ရာခိုင်နှုန်းနှင့်အထက် မြင့်တက်နိုင်ကြောင်း ဖော်ပြထားပါသည်။

ဟောင်ကောင်ဒေသစုစုပေါင်းပို့ကုန်၏ ၇၀ ရာခိုင်နှုန်းမှာ လျှပ်စစ်ထုတ်ကုန်များဖြစ်ပြီး၊ အဆိုပါလျှပ်စစ်ထုတ်ကုန်များအနက် ထက်ဝက်ခန့် အမေရိကန်၏အကောက်ခွန်ကင်းလွတ်ခွင့်ရရှိသည့် ကုန်စည်များဖြစ်သောကြောင့် လျှပ်စစ်ထုတ်ကုန်များတင်ပို့မှုအတွက် အပြုသဘောဆောင်သည့်အခြေအနေကို ဆက်လက်ထိန်းသိမ်းထားနိုင်မည်ဖြစ်သည်ဟု HKTDC က ပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။

AI ဖွံ့ဖြိုးတိုးတက်မှုမှာ အသုံးပြုသည့်အဆင့်သို့ ရောက်ရှိလာပြီဖြစ်သော ကြောင့် လျှပ်စစ်ထုတ်ကုန်များ၏ ဝယ်လိုအားမြင့်တက်လာကြောင်းနှင့် ထိုကဲ့သို့မြင့်တက်မှုမှာ တစ်နှစ်မှ နှစ်နှစ်အထိ ကြာမြင့်နိုင်မည်ဖြစ် ကြောင်း၊ လျှပ်စစ်ထုတ်ကုန်များ အထူးသဖြင့် စီးပွားရေးလုပ်ငန်းသုံးအစိတ်အပိုင်းများမှာ ဈေးကွက်လိုအပ်ချက်ခိုင်မာသောကြောင့် ဟောင်ကောင်ဒေသပို့ကုန်တင်ပို့သူများအတွက် အကျိုးဖြစ်ထွန်းမည်ဖြစ်သည်ဟု HKTDC မှ သုတေသနညွှန်ကြားရေးမှူး Irina Fan Yuen-yee က ပြောကြားခဲ့ကြောင်း ဖော်ပြထား ပါသည်။

တရုတ်နှင့်အမေရိကန်နိုင်ငံတို့အကြား ကုန်သွယ်ရေးသဘောတူညီချက်တစ်ရပ်ရရှိပြီးနောက်ပိုင်း အမေရိကန်၏ အခွန်တိုးမြှင့်ကောက်ခံမှုသည် ဟောင်ကောင်ပို့ကုန်တင်ပို့သူများအနေဖြင့် ၂၀၂၆ ခုနှစ်အတွက် အဓိကဦးစားပေးစိုးရိမ်ပူပန်စရာ အချက်(၃)ချက်တွင် မပါဝင်ကြောင်း၊ ကမ္ဘာ့ကုန်သွယ်ရေး၌ ရှုပ်ထွေးမှုများလျော့ကျလာသော်လည်း ၂၀၂၆ ခုနှစ်အထိ မရေရာမှုများရှိနေမည်ဖြစ်ကြောင်း၊ အကောက်ခွန်ဆိုင်ရာ စိန်ခေါ်မှုများကြောင့် စီးပွားရေးခေါင်းဆောင်များသည် ၎င်းတို့၏ အမေရိကန် နှင့် အမေရိကန်မဟုတ်သည့် စီးပွားရေးများအတွက် ရေရှည်မဟာ ဗျူဟာများရေးဆွဲနေကြပြီဖြစ်သည်ဟု HKTDC က ပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။

အမေရိကန်မှ တရုတ်နိုင်ငံအပေါ် တန်ပြန်သွင်းကုန်ခွန် ၂၀ ရာခိုင်နှုန်းကောက်ခံမှုသည် အာဆီယံနိုင်ငံများနှင့်နှိုင်းယှဉ်ပါက တန်းတူ သို့မဟုတ် နိမ့်ကျသည့်နှုန်းထားဖြစ်ကြောင်း၊ ထို့ပြင် တရုတ်နိုင်ငံ၏ ထုတ်လုပ်မှုမြင့်မားပြီး ရင့်ကျက်သည့် ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက် မှာ ကမ္ဘာ့ဈေးကွက်၌ ယှဉ်ပြိုင်နိုင်စွမ်းရှိကြောင်း၊ ထို့ကြောင့် ကုန်တင်ပို့သူအများစုအနေဖြင့် လာမည့်နှစ်တွင် နေရာပြောင်းလဲနိုင်ဖွယ်မရှိကြောင်း Fan က ပြောကြားခဲ့သည်ဟု ဖော်ပြထားပါသည်။

လက်ရှိအချိန်တွင် တရုတ်-အမေရိကန်တို့၏ အကောက်ခွန်ဆိုင်ရာ မရေ ရာမှုများကြောင့်  HKTDC ၏ ၂၀၂၅ ခုနှစ်၊ စတုတ္ထလေးလပတ်အတွက် Export Confidence Index အနည်းငယ်ကျဆင်းနေသော်လည်း ၅၀ မှတ်ကန့်သတ်ချက်အထက်တွင်ရှိနေဆဲဖြစ်သောကြောင့် တိုးတက်လာ နိုင်မည့် အလားအလာဖြစ်ကြောင်း၊ လာမည့်နှစ်နှစ်အတွင်း အာရှဒေသသည် ဟောင်ကောင်လုပ်ငန်းများ၏ ပို့ကုန်မြှင့်တင်ရေးအတွက် အချက် အချာဒေသတစ်ခုဖြစ်လာမည်ဖြစ်ကြောင်း၊ စစ်တမ်းတွင် ပါဝင်ဖြေကြားသူများ၏ ၄၂ ရာခိုင်နှုန်းအနေဖြင့် တရုတ်ပြည်မသည် အဓိကဦးစားပေးဈေးကွက်ဖြစ်ပြီး၊ ဖြေဆိုသူ ၃၀.၃ ရာခိုင်နှုန်းမှာ အာရှဒေသနှင့် ၁၈.၉ ရာခိုင်နှုန်းမှာ အာဆီယံဒေသတို့ကို ဦးစားပေးဈေးကွက်များအဖြစ် သတ်မှတ်ထားကြောင်း ဖော်ပြထားပါသည်။

https://www.thestandard.com.hk/market/article/319110/

(နှင်းဇာလွှာ၊ စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Category: International News