ထိုင်းနိုင်ငံဝန်ကြီးချုပ် Anutin Charnvirakul ၏ လွှတ်တော်ကို ရုတ်တရက်ဖျက်သိမ်းလိုက်ခြင်းသည် ထိုင်းနိုင်ငံ၏စီးပွားရေးပြန်လည်ဦးမော့လာမည့် အစီအစဥ်များနှင့်ပတ်သက်ပါက တုန်လှုပ်ချောက်ချားစရာများဖြစ်စေခဲ့ကာ စီးပွားရေးလုပ်ငန်းရှင်များက ရပ်တန့်နေသော လှုံ့ဆော်မှုအစီအမံများနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာ စီမံကိန်းများကို သတိပေးခဲ့ကြောင်း ဗန်ကောက်ပို့စ်သတင်းစာတွင် “Dissolution throws economic stimulus plans into limbo” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။
အိမ်စောင့်အစိုးရ၏ အကန့်အသတ်ရှိသော အခွင့်အာဏာသည် ရေကြီးသည့်တောင်ပိုင်းပြည်နယ် ၉ ခုကို ပြန်လည်ထူထောင်ခြင်း၊ ထိုင်း-ကမ္ဘောဒီးယားပဋိပက္ခနှင့် လက်ရှိအမေရိကန်နှင့် ကုန်သွယ်ခွန်ဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုများအတွက် အရေးပေါ်မူဝါဒများကို နှောင့်ယှက်နိုင်ကြောင်း၊ အစိုးရကသာ နိုင်ငံတော်တည်ငြိမ်ရေးကို ထိန်းသိမ်းပြီး လူထုကိုပံ့ပိုးကူညီရန် အရေးကြီးသည့်မူဝါဒများကို ချမှတ်နိုင်မည်ဖြစ် ကြောင်း၊ အဓိကလုပ်ဆောင်ချက်များသည် ယခုအခါ မသေချာမရေရာမှုများနှင့် ရင်ဆိုင်နေရကြောင်း၊ ယခုလတွင် စတင်ရန် စီစဉ်ထားသည့် Khon La Khrueng Plus ပူးတွဲငွေပေးချေမှုအစီအစဉ်၏ ဒုတိယအဆင့်နှင့် ၂၀၂၆ ခုနှစ် နိုင်ငံတော်သက်သာချောင်ချိရေးကတ်စီမံကိန်းတို့ကို ဖျက်သိမ်းဖွယ်ရှိကြောင်း၊ အုပ်ချုပ်ရေးအသစ်ပြန်လည်အသက်သွင်းမည်ဆိုသည်ကို ရှင်းရှင်းလင်းလင်းမသိရသေးပါကြောင်း၊ အနှောင့်အယှက်များကြားမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုသည် တည်ငြိမ်နေမည်ဟု ယုံကြည်ပါကြောင်း ထိုင်းစက်မှုလုပ်ငန်းအဖွဲ့ချုပ်(FTI)၏ ဥက္ကဋ္ဌ Krieng-krai Thiennukul က ပြောကြားခဲ့သည်။
ရုတ်တရက်နိုင်ငံရေးအပြောင်းအလဲဖြစ်ခဲ့သည့်အပေါ် အံ့သြမှုမရှိဘဲ အတိုက်အခံပါတီများက ငြင်းခုံဆွေးနွေးမှုဆက်လုပ်မည်ဆိုပါက ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ဖျက်သိမ်းဖွယ်ရှိသည်ကို အစိုးရက မျှော်လင့်ထားပြီးဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ် နောက်ဆုံးသုံးလပတ်တွင် GDP တိုးတက်မှုသည် Joint Standing Committee on Commerce, Industry and Banking ၏ ခန့်မှန်းချက် ၀.၃-၁ ရာခိုင်နှုန်း အောက်သို့ ကျဆင်းနိုင်မည်မဟုတ်ကြောင်း FTI က မျှော်လင့်ထားပါသည်။
စွမ်းအင်ကဏ္ဍသည် နှောင့်နှေးနေလျက်ရှိရာ ဘတ် ၁၈၀.၈ ဘီလီယံတန်ဖိုးရှိသည့် အဓိကဆိုလာစီမံကိန်း ၅ ခုအပေါ် သက်ရောက်လာနိုင်ကြောင်း၊ အဆိုပါစီမံကိန်းများမှာ ဒေသခံအဖွဲ့များနှင့် ကုမ္ပဏီများမှ ပူးပေါင်းရင်းနှီးမြုပ်နှံထားသော ရပ်ရွာဆိုလာစိုက်ခင်းများဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးရေးအတွက် ဆိုလာစွမ်းအင်သုံးရေစုပ်စက်အစပျိုးမှု၊ အိမ်ထောင်စုများအတွက် အိမ်ခေါင်မိုးပေါ် ဆိုလာပြားတပ်ဆင်မှု၊ ရေပေါ်ဆိုလာစိုက်ခင်းများနှင့် ကုမ္ပဏီများကို စီးပွားရေးလုပ်ငန်းများ အထူး သဖြင့် ဒေတာစင်တာလုပ်ငန်းရှင်များထံ တိုက်ရိုက်ရောင်းချခွင့်ပြုသည့် ရှေ့ပြေးအစီအစဉ်တစ်ခုတို့ဖြစ်ကြောင်း New Energy Plus Solutions ၏အမှုဆောင်အရာရှိချုပ် Treerat Sirichanta-ropas က ဖြည့်စွက် ပြောကြားခဲ့သည်။
အဆိုပါစီမံကိန်းများသည် စီးပွားရေးကို လှုံ့ဆော်ရန်နှင့် အလုပ်အကိုင်များဖန်တီးရန် အရေးကြီးပါကြောင်း၊ မက်ခရိုစီးပွားရေးအလားအလာမှာ ယခင်လများနှင့် သိသိသာသာကွာခြားမှုမရှိပါကြောင်း၊ သို့သော်လည်း အစိုးရ၏ ၂၀၂၆ ဘဏ္ဍာနှစ် တစ်နှစ်ပြည့်ဘတ်ဂျက်သည် လွှတ်တော်က အတည်ပြုထားပြီးဖြစ်သောကြောင့် အနှောင့်အယှက်များကြုံရဖွယ်မရှိနိုင်ကြောင်း၊ ဤကာလအတွင်း အစိုးရ၀န်ထမ်းများသည်လည်း မူဝါဒမပြောင်းလဲဘဲ ပုံမှန်အတိုင်းဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရွေးကောက်ပွဲကို ဖေဖော်ဝါရီလတွင် ကျင်းပနိုင်ပြီး မကြာမီ လွှတ်တော်သစ်တစ်ရပ်ခေါ်ယူမည်ဆိုပါက ၂၀၂၆ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်ကို အစိုးရသစ်လက်ထက်တွင် ပြန်လည်သုံးသပ်အတည်ပြုနိုင်မည်ဖြစ် ကြောင်း၊ လွှတ်တော်ကို ဖျက်သိမ်းခြင်းကြောင့် သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာကဏ္ဍတွင် သက်ရောက်မှုများစွာ ခံစားရမည်မဟုတ်ကြောင်း Interlink Telecom ၏အမှုဆောင်အရာရှိချုပ် Nuttanai Anuntarumporn ကသုံးသပ်ထားပါသည်။
Source: www.bangkokpost.com
(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)