ဟောင်ကောင်ဒေသအနေဖြင့် အလုပ်သမားများအတွက် တရားဝင်သတ်မှတ်သည့် အနိမ့်ဆုံးလုပ်ခလစာကို တစ်နာရီလျှင် လက်ရှိ ဟောင်ကောင်ဒေါ်လာ ၄၂.၁၀ မှ ၁ ဒေါ်လာ(၂.၃၈ ရာခိုင်နှုန်း)တိုးမြှင့်ပေးပြီး ဟောင်ကောင်ဒေါ်လာ ၄၃.၁၀ ဒေါ်လာသို့ တိုးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ဟောင်ကောင်ဒေသအစိုးရက ကြေညာခဲ့သည်ဟု ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်ထုတ် The Standard သတင်းစာ၌ “HK’s Hourly Minimum Wage Rising to $43.10 By Labour Day” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။
အနိမ့်ဆုံးလုပ်ခလစာကော်မရှင်မှ အကြံပြုချက်ကို ကောင်စီက လက်ခံပြီးနောက် ယခုကဲ့သို့တိုးမြှင့်ခြင်းဖြစ်ကြောင်း၊ ဒေသအစိုးရအနေဖြင့် ၂၀၂၆ ခုနှစ် အနိမ့်ဆုံးလုပ်ခလစာဥပဒေ(ပြင်ဆင်ချက်)အသိပေးကြေညာချက်ကို ဖေဖော်ဝါရီလ ၂၀ ရက်တွင် အစိုးရပြန်တမ်းများတွင် ထည့်သွင်းသွားမည်ဟု ပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။
အဆိုပါဥပဒေမူကြမ်းကို လာမည့်ဖေဖော်ဝါရီလ ၂၅ ရက်တွင် ဥပဒေပြုကောင်စီသို့ တင်ပြသွားမည်ဖြစ်ပြီး၊ အတည်ပြုချက်ရရှိပါက အနိမ့်ဆုံးလုပ်ခလစာသစ်များကို လာမည့်မေလ ၁ ရက်တွင် စတင်အသုံးပြုသွားမည်ဖြစ်ပါသည်။ ယခုကဲ့သို့အနိမ့်ဆုံးလုပ်ခလစာပြင်ဆင်ချက်ကို အနိမ့်ဆုံးလုပ်ခ လစာကော်မရှင်၏နှစ်စဉ်ပြန်လည်သုံးသပ်ရေးယန္တရားသစ်အောက်မှ ဟောင်ကောင်ဒေသအုပ်ချုပ်ရေးမှူး အတည်ပြုထားသည့် တွက်ချက်နည်းများကို အသုံးပြုတွက်ချက်ထားခြင်းဖြစ်ကြောင်း ဖော်ပြထား ပါသည်။
ကော်မရှင်၏အကြံပြုချက်သည် အနိမ့်ဆုံးလုပ်ခလစာမူဝါဒနှင့်ကိုက်ညီပြီး ဒေသစီးပွားရေးတိုးတက်မှုနှင့် ယှဉ်ပြိုင်နိုင်စွမ်းကို အထောက်အကူပြုကာ လုပ်သားများအတွက် လစာနှုန်းနိမ့်ကျမှုကို အကာအကွယ်ပေးမှုနှင့် အလုပ်အကိုင်ဆုံးရှုံးမှုလျော့ကျစေမှုကို ဟန်ချက်ညီစေသည်ဟု ဟောင်ကောင်ဒေသအစိုးရ၊ လူမှုဖူလုံရေးနှင့် အလုပ်သမားဝန်ကြီး Sun Yuk-han က ပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။
အလားတူကော်မရှင်၏အကြံပြုချက်ကို လက်ခံသည့်အတွက် ဝမ်းမြောက်ကြောင်းနှင့် ပြန်လည်သုံးသပ်မှုပြုလုပ်ချိန်တွင် ကော်မရှင်အနေဖြင့် တွက်ချက်မှုဖော်မြူလာများအကောင်အထည်ဖော်ရေးစိစစ်ခြင်း၊ အဓိကညွှန်ကိန်းများ၏လက်ရှိအချက် အလက်များကို သုံးသပ်ခြင်းနှင့် လုပ်ခလစာတိုးမြှင့်မှုကြောင့်ဖြစ်လာနိုင်သည့် သက်ရောက်မှုကို လေ့လာအကဲဖြတ်မှုများပြုလုပ်ခဲ့ကြောင်း၊ ဟောင်ကောင်ဒေသ၌ လုပ်ခလစာတစ်နာရီလျှင် ဟောင်ကောင်ဒေါ်လာ ၄၃.၁၀ ဒေါ်လာအောက်ရရှိသည့် လုပ်သားဦးရေမှာ စုစုပေါင်းလုပ်သားဦးရေ၏ ၀.၇ မှ ၁.၄ ရာခိုင်နှုန်း(လုပ်သားဦးရေ ၁၈,၈၀၀ မှ ၃၉,၄၀၀ ဦးအထိ)ရှိကြောင်း၊ ပြည်ပမှလာရောက်လုပ်ကိုင်သည့် သန့်ရှင်းရေးဝန်ထမ်းများနှင့်လုံခြုံရေးဝန်ထမ်းများအပါအဝင် အလုပ်အကိုင်အများစုမှာ တစ်နာရီလုပ်ခလစာ ဟောင်ကောင်ဒေါ်လာ ၅၅ ဒေါ်လာခန့်ရရှိနေသည်ဟု ကော်မရှင်ဥက္ကဋ္ဌဖြစ်သူ Priscilla Wong Pui-sze က ပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။
https://www.thestandard.com.hk/hong-kong-news/article/324092/
(နှင်းဇာလွှာ၊ စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)