ထိုင်းနိုင်ငံအစိုးရသည် ကမ္ဘောဒီးယားနှင့်ချုပ်ဆိုထားသည့် နားလည်မှုစာချွန်လွှာ ၄၄ ခုကို ဖျက်သိမ်းသွားရန် ဝန်ကြီးချုပ် Anutin Charnvirakul က သက်ဆိုင်ရာ အဖွဲ့အစည်းများသို့ လမ်းညွှန်မှာကြားခဲ့ကြောင်း ThaiBPS သတင်းဝက်ဘ်ဆိုဒ်တွင် “Thailand to cancel MOU 44 with Cambo-dia, says PM Anutin” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။
၂၀၀၁ ခုနှစ်တွင် ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့ ချုပ်ဆိုခဲ့သော နားလည်မှုစာချွန်လွှာ(MoU)၄၄ ခုကိုဖျက်သိမ်းရန် သက်ဆိုင်ရာအေဂျင်စီများအား ညွှန်ကြားထား သည်ဟု ဝန်ကြီးချုပ် Anutin Charnviralkul က ပြောကြားခဲ့ကြောင်း၊ ယင်းနားလည်မှုစာချွန်လွှာသည် ကုန်းတွင်းပိုင်းရေတိမ်ပိုင်းနှင့် ၎င်း၏ဓာတ်သတ္တုနှင့် ရုပ်ကြွင်းလောင်စာသိုက်အား နှစ်နိုင်ငံလုံးမှ လုပ်ပိုင်ခွင့်များ တောင်းဆိုထားသည့်အငြင်းပွားရေပိုင်နက်နယ်မြေများနှင့် သက်ဆိုင်ကြောင်း၊ လက်ရှိအစိုးရလက်ထက်တွင်ချက်ချင်းဖျက်သိမ်းခြင်းမျိုးမပြုလုပ်နိုင်သော်လည်း ဖျက်သိမ်းခြင်းအတွက် ကြိုတင်ပြင်ဆင်မှုများလုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ အဆိုပါကိစ္စရပ်တွင် တိုးတက်မှုမရှိခဲ့ဘဲ သဘောတူညီချက်ကို ဆက်လက်ထိန်းသိမ်းထားခြင်းဖြင့် မည်သည့်အသုံးဝင်သောရည်ရွယ်ချက်ကိုမျှ ဆောင်ရွက်ပေးမည်မဟုတ်ကြောင်း၊ နားလည်မှုစာချွန်လွှာကို ဖျက်သိမ်းရန် အစိုးရအဖွဲ့တွင် အခွင့်အာဏာရှိ-မရှိနှင့်စပ်လျဉ်း၍ ကိစ္စရပ်အားလုံးကို ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဟု ပြန်လည်ဖြေကြားခဲ့ကြောင်း သိရှိရပါသည်။
ဝန်ကြီးချုပ် Anutin သည် ဖေဖော်ဝါရီ ၈ ရက်အထွေထွေရွေးကောက်ပွဲမတိုင်မီ ၎င်း၏နောက်ဆုံးဆန္ဒဖော်ထုတ်မှုအတွင်း ၎င်းနှင့်၎င်း၏ Bhumjaithai ပါတီအာဏာရလာပါက နားလည်မှုစာချွန်လွှာ ၄၄ ခုကို ချက်ချင်းဖျက်သိမ်းမည်ဖြစ် ကြောင်း၊ ယခင်က အဆိုပြုထားသည့်အတိုင်း အဏ္ဏဝါသယံဇာတ ၅၀-၅၀ အမြတ်ငွေခွဲဝေပေးရေးသဘောတူညီချက်သည် စားပွဲပေါ်တွင်ရှိတော့မည်မဟုတ်ကြောင်း၊ ရွေးကောက်ပွဲအပြီး တရားဝင်မဟုတ်သော မဲစာရင်းအရ Bhumjaithai သည် ပါလီမန်အမတ်နေရာ ၁၉၄ နေရာခန့်ဖြင့် အပြတ်အသတ်အနိုင်ရခဲ့ပြီး အစိုးရသစ်၏ အမာခံနေရာယူထားခြင်းဖြစ်ကြောင်း၊ လက်ရှိနိုင်ငံခြားရေး၀န်ကြီး Sihasak Phuangketkeow သည် နိုင်ငံခြားရေးတာဝန်ခံဒုတိယ၀န်ကြီးချုပ် အဖြစ် ပြန်လည်ရောက်ရှိလာမည်ဟု မျှော်လင့်ရကြောင်း၊အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် လူထု အဖွဲ့ဝင်အများအပြားက နားလည်မှုစာချွန်လွှာ ၄၄ ခုကို ဖျက်သိမ်းရန်တောင်းဆိုခဲ့ကြပြီး ပြီးခဲ့သည့်နှစ်တွင်ကမ္ဘောဒီးယားနှင့်နယ်စပ်တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားပြီးနောက် တပ်မတော်သားများနှင့် ပြည်သူများသေဆုံးမှုပြင်းထန်လာခဲ့ကြောင်း သိရှိရပါ သည်။
နားလည်မှုစာချွန်လွှာ ၄၄ ခုသည် ရေပိုင်နက်နယ်နိမိတ်နှင့် သယံဇာတခွဲဝေရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်တစ်ခုအဖြစ် ဆောင်ရွက်သော်လည်း နှစ်ဦးနှစ်ဖက်သဘောတူညီချက်မရရှိမချင်း နယ်မြေပိုင်ဆိုင်မှုတောင်းဆိုမှုများကိုလက်မခံကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ရှင်းပြထားပါကြောင်း၊ MoU သည် စေ့စပ်ညှိနှိုင်းရေးယန္တရားတစ်ခုအဖြစ် တင်းတင်းကျပ်ကျပ်လုပ်ဆောင်နေပြီး လက်ရှိ ဖွဲ့စည်းပုံအရ လွှတ်တော်၏အတည်ပြုချက်မလိုအပ်ပါကြောင်း၊ နားလည်မှုစာချွန်လွှာ ၄၄ ခုအရ စေ့စပ်ညှိနှိုင်းမှုမှဖြစ်ပေါ်လာသည့် မည်သည့်သဘောတူညီချက်များကိုမဆို တရားဝင်စည်းနှောင်ခြင်းမပြုမီ လွှတ်တော်သို့ တင်ပြ၍ အတည်ပြုချက်ရယူရမည်ဖြစ်ကြောင်း သိရှိရပါသည်။
Source: https://world.thaipbs.or.th/detail/thailand-to-cancel-mou-44-with-cambodia-says-pm-anutin/60384
(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)