ဂျပန်နိုင်ငံသည် တောင်အမေရိကနိုင်ငံများနှင့် စီးပွားရေးသဘောတူညီချက်ဖော်ဆောင်နိုင်ရန် တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း The Nikkei Asia အွန်လိုင်းသတင်းတွင် “Japan pushes for South American economic pact, eyeing energy resources” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။
အဆိုပါသတင်းတွင် ဂျပန်နိုင်ငံအနေဖြင့် တောင်အမေရိကနိုင်ငံတိုက်ရှိ နိုင်ငံပေါင်း ၅ နိုင်ငံနှင့်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်(economic partnership agreement)တစ်ရပ် ဖော်ဆောင်မည့် စေ့စပ်ဆွေးနွေးမှုများကို လာမည့်နွေရာသီတွင် စတင်လုပ်ဆောင်ရန် ရည်မှန်းထားကြောင်း၊ ထိုကဲ့သို့လုပ်ဆောင်ခြင်းမှာ စွမ်းအင်အရင်း အမြစ်များရရှိနိုင်မှုအပေါ် လုံခြုံစိတ်ချမှုရှိစေရန် နှင့် လူဦးရေသန်း ၃၀၀ နီးပါးရှိသော ဈေးကွက်အတွင်းသို့ကုန်သွယ်မှုချဲ့ထွင်နိုင်ရန်ဖြစ်ကြောင်း၊ ဘရာဇီး၊ အာဂျင်တီးနား၊ ဥရုဂွေး၊ ပါရာဂွေးနှင့် ဘိုလီးဗီးယားနိုင်ငံတို့ပါဝင်သော မာကိုဆော(Mercosur)ကုန်သွယ်ရေးအဖွဲ့နှင့် သဘောတူညီချက်ရရှိပါက ဂျပန်အနေဖြင့် ရေနံစိမ်းနှင့် အရေးကြီးသည့် သယံဇာတများပိုမိုကျယ်ပြန့်စွာရရှိခြင်းဖြင့် အရှေ့အလယ်ပိုင်းဒေသများနှင့် တရုတ်နိုင်ငံတို့အပေါ် မှီခိုနေရမှုလျော့ကျလာမည်ဖြစ်ကြောင်း ဖော်ပြထားပါ သည်။
ဂျပန်အစိုးရသည် မေလနှောင်းပိုင်းတွင် မာကိုဆောအဖွဲ့နှင့် မဟာ ဗျူဟာမြောက် မိတ်ဖက်ဆိုင်ရာ မူဘောင်သဘောတူညီချက်ကို စတင်ညှိနှိုင်းသွားမည်ဖြစ်ကြောင်း၊ အလားတူ ဘရာဇီးနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး မော်ရိုဗီအဲရာ(Mauro Vieira)အား လာမည့်သီတင်းပတ်များအတွင်း ဂျပန်သို့ လာရောက်လည်ပတ်ရန် ဖိတ်ခေါ်ထားပြီး ဆွေးနွေးပွဲများစတင်နိုင်မည့် လမ်းစဖြစ်လာရန် မျှော်လင့်ထားကြောင်း၊ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန အဆင့်မြင့်အရာရှိများသည် ဂျပန်ဝန်ကြီးချုပ် ဆာနာ အဲတာကာအီချီ(Sanae Takaichi)ထံသို့လည်း မာကိုဆောအဖွဲ့နှင့်ပတ်သက်သည့် အစီရင်ခံစာကို ပြီးခဲ့သည့်လက တင်ပြခဲ့ကြောင်း၊ ယခုဖော်ဆောင်မည့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စေ့စပ် ဆွေးနွေးမှုများသည် တာကာအီချီအစိုးရလက်ထက်တွင် အဓိကကျသည့် ပထမဆုံးကုန်သွယ်ရေးဆွေးနွေးပွဲအဖြစ် မှတ်ယူနိုင်ပါကြောင်း ဖော်ပြထားပါသည်။
တောင်အမေရိကငါးနိုင်ငံ၏ စုစုပေါင်းပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး(Gross Domestic Product- GDP)သည် အမေရိကန်ဒေါ်လာ ၃.၁၆ ထရီလီယံရှိသည့်အတွက် အာဆီယံအဖွဲ့ဝင်များ GDP ၏လေးပုံသုံးပုံခန့် ရှိကြောင်း၊ ၂၀၂၅ ခုနှစ်အတွင်း ဂျပန်နိုင်ငံနှင့် တောင်အမေရိက ငါးနိုင်ငံတို့အကြား ကုန်သွယ်မှုပမာဏမှာ ယန်း ၂.၄ ထရီလီယံ(ဒေါ်လာ ၁၅.၃ ဘီလီယံ)ရှိခဲ့ရာ ဂျပန်နိုင်ငံနှင့် အမေရိကန် (သို့မဟုတ်) အာဆီယံနှင့် ကုန်သွယ်သည့်ပမာဏ၏ ၁၀ ရာခိုင်နှုန်းအောက်သာရှိသည့်အတွက် ဆက်လက် တိုးတက်ရန် အခွင့်အလမ်းများစွာရှိကြောင်း၊ ပြည်တွင်းသုံးစွဲသည့် ရေနံစိမ်းပမာဏ၏ ၉၀ ရာခိုင်နှုန်း ကျော်ကို အရှေ့အလယ်ပိုင်းဒေသမှ တင်သွင်းနေရသည့် ဂျပန်နိုင်ငံအနေဖြင့် ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့နေခြင်းကြောင့် စွမ်းအင်အရင်းအမြစ်များကို တောင်အမေရိကနိုင်ငံများထံမှ ပြောင်းလဲရရှိနိုင် ရန်စိတ်ဝင်စားလျက်ရှိကြောင်း ဖော်ပြထားပါသည်။
မာကိုဆောနိုင်ငံများအနက် ဘရာဇီးနိုင်ငံသည် မြေရှားသတ္တု(Rare Earths)ဒုတိယအများဆုံး ပိုင်ဆိုင်ထားပြီး ကမ္ဘာ့နဝမမြောက်အကြီးဆုံးရေနံစိမ်းထုတ်လုပ်သူဖြစ်ကာ ၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ရေနံစိမ်းနေ့စဉ်ထုတ်လုပ်မှုစည်သန်းပေါင်း ၄.၃ သန်းအထိထုတ်လုပ်နိုင်ခဲ့ကြောင်း၊ အာဂျင်တီးနားနိုင်ငံသည်လည်း လျှပ်စစ်ကားဘက်ထရီအတွက် အရေးပါသော လစ်သီယမ်(Lithium)ထုတ်လုပ်နိုင်ကြောင်း၊ ဥရောပသမဂ္ဂအဖွဲ့နိုင်ငံများ(EU)နှင့် မာကိုဆောတို့အကြား ကုန်သွယ်ရေးသဘောတူညီချက်သည် မေလ ၁ ရက်နေ့တွင် စတင်အသက်ဝင်ခဲ့သည့် အတွက် ဂျပန်နိုင်ငံမှ ထုတ်လုပ်တင်ပို့သည့် မော်တော်ယာဉ်နှင့် စက်မှုထုတ်ကုန်များအား မာကိုဆောနိုင်ငံများသို့ တင်သွင်းရာတွင် အကောက် ခွန်လျှော့ချမှုခံစားနိုင်ရန်အတွက် မာကိုဆောနိုင်ငံများနှင့် အမြန်ဆုံးသဘောတူညီချက်ရရှိရန် လုပ်ငန်းရှင်များကတိုက်တွန်းလျက်ရှိကြောင်း ဖော်ပြထားပါသည်။
ဂျပန်နိုင်ငံသည် ဘရာဇီးနိုင်ငံမှ အမဲသားတင်သွင်းမှုကို ခွာနာ၊ လျှာနာရောဂါနှင့်အခြားမွေးမြူရေးဆိုင်ရာရောဂါများဝင်ရောက်မည့် အကြောင်း ပြချက်ဖြင့် ကန့်သတ်ထားသည့်အတွက် ဘရာဇီး နိုင်ငံဘက်မှ အမဲသားတင်သွင်းရန် အဆိုပြုလာပါက စေ့စပ်ညှိနှိုင်းမှုတွင် အကြီးမားဆုံး အတားအဆီး ဖြစ်လာနိုင်ကြောင်း၊ ဂျပန်နိုင်ငံသည် ၂၀၂၄ ဘဏ္ဍာနှစ်တွင် အမဲသားတန်ချိန် ၃၅၀, ၀၀၀ သာထုတ်လုပ် နိုင်ခဲ့သော်လည်း ဘရာဇီးနိုင်ငံသည် ၂၀၂၅ ခုနှစ်တွင် အမဲသားတန်ချိန် ၁၂.၆၁ သန်းထုတ်လုပ်နိုင်ခဲ့ သည့်အတွက် အမေရိကန်ပြည်ထောင်စုကို ဖြတ်ကျော်၍ ကမ္ဘာ့နံပါတ်(၁)ဖြစ်လာခဲ့ကြောင်း၊ ဘရာဇီး နိုင်ငံမှ အမဲသားများအမြောက်အမြားတင်သွင်းလာပါက ဂျပန်မွေးမြူရေးကဏ္ဍထိခိုက်နိုင်သော်လည်း စွမ်းအင်နှင့် ရှားပါးသတ္တုများ ရရှိနိုင်မည်ဆိုပါက သဘောတူညီချက်အပေါ် ကန့်ကွက်ရန်မရှိကြောင်း၊ အဆိုပါစီးပွားရေးပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်သည် တောင်အမေရိကနိုင်ငံများအတွက် လည်း ၎င်းတို့၏အဓိကကုန်သွယ်ဖက်ဖြစ်သည့် တရုတ်နိုင်ငံအပေါ် မှီခိုနေရမှုကို လျှော့ချနိုင်မည်ဖြစ် ကြောင်း ဖော်ပြထားပါသည်။
(ရွှေစင်ဦး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)