International News

ကမ္ဘာ့ဖိအားများကြားမှ ထိုင်းစီးပွားရေးရေရှည်ရှင်သန်ကြံ့ခိုင်စေရန် ဗျူဟာမြောက်ဦးတည်ချက် အသစ်ကို ဝန်ကြီးချုပ် အနုတင်ချမှတ်

Last Updated:

ထိုင်းနိုင်ငံသည် အရှေ့အလယ်ပိုင်းပဋိပက္ခများကြောင့် ပြည်တွင်းဝယ်လိုအားနှင့် ဝယ်ယူနိုင်စွမ်းအား(Purchasing Power)ကျဆင်းလာမည့် အန္တရာယ်အပါအဝင် ဘက်ပေါင်းစုံမှ စီးပွားရေးဖိအားများနှင့်ရင်ဆိုင်နေရစဉ်၊ အစိုးရအနေဖြင့် အမျိုးသားစီးပွားရေးပိုမိုခိုင်မာတောင့်တင်းလာစေရန် အမြန်ဆုံးတွန်းအားပေးဆောင်ရွက်နေကြောင်း ဝန်ကြီးချုပ် Mr. Anutin Charnvirakul က ထုတ်ဖော်ပြောကြားလိုက်သည်။

Nation TV ၏ ၂၆ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားတွင် ဝန်ကြီး ချုပ်က ပြောကြားခဲ့ရာ၌ အစိုးရ၏ အရေးကြီးဆုံးနှင့် အရေးတကြီးလုပ်ဆောင်ရမည့်တာဝန်မှာ ထိုင်းစီးပွားရေးကို "Resilience"(ပြန်လည် ရုန်းထနိုင်စွမ်းနှင့် ရှင်သန်ကြံ့ခိုင်မှု)ရှိလာစေရန် ပြုပြင်ပြောင်းလဲရန်ဖြစ်ကြောင်းဆိုသည်။ ထိုင်းနိုင်ငံသည် နည်းပညာ၊ သယံဇာတနှင့် အခြေခံအဆောက်အအုံပိုင်းတွင် ခိုင်မာသော အခြေခံအုတ်မြစ်များရှိပြီးသားဖြစ်ရာ၊ပြောင်းလဲလာသည့် ကမ္ဘာ့ပထဝီနိုင်ငံရေးအခြေအနေများသည် ထိုင်း နိုင်ငံအတွက် အခွင့်အလမ်းကောင်းတစ်ရပ်ဖြစ်လာစေကြောင်း ၎င်းက ရှုမြင်သည်။

၁။ အလုပ်သမားအခြေပြုနိုင်ငံမှ ဗျူဟာမြောက်ရင်းနှီးမြှုပ်နှံမှုနယ်မြေသို့

ဝန်ကြီးချုပ် အနုတင်၏အဆိုအရ နိုင်ငံတကာခေါင်းဆောင်များနှင့် ရင်းနှီးမြှုပ်နှံသူများသည် ထိုင်းနိုင်ငံကို ယခင်ကကဲ့သို့ လုပ်ခလစာသက်သာသည့် "အလုပ်သမားအခြေပြုနိုင်ငံ"အဖြစ်သာ ရှုမြင်တော့ခြင်းမဟုတ်ဘဲ၊ ကျယ်ပြန့်သော အားသာချက်များရှိသည့် "ဗျူဟာမြောက်နိုင်ငံ(Strategic Country)"အဖြစ် ယုံကြည်မှု တိုးလာကြသည်။

"အခုခေတ်မှာ 'Resilience' ဆိုတဲ့ စကားလုံးဟာ ရိုးရိုးသက်သက် စီးပွားရေးပြန်လည်ဦးမော့လာတာ (Recovering)တစ်ခုတည်းကိုတင် ဆိုလိုတာမဟုတ်ပါဘူး။ အကျပ်အတည်းတွေကြားကနေ အသက်ရှင် လွတ်မြောက်ပြီး ရှေ့ကို အရှိန်အဟုန်နဲ့ ဆက်ပြေးနိုင်မယ့် ရုန်းထနိုင်စွမ်းမျိုးကို ဆိုလိုတာပါ။ ဒါဟာ လက်ရှိထိုင်းနိုင်ငံနဲ့ ထိုင်းစီးပွားရေးရောက်ရှိနေတဲ့ အခြေအနေပဲဖြစ်ပါတယ်"ဟု ဝန်ကြီးချုပ်က ရှင်းလင်း ပြောကြားခဲ့သည်။

ထို့အပြင် အစိုးရအနေဖြင့် စီးပွားရေးလုပ်ငန်းများ တိုးတက်လာစေရန် ဘဏ္ဍာရေးစနစ်ပံ့ပိုးမှုများနှင့် ကုန်သွယ်မှုလွတ်လပ်ခွင့်ပြုခြင်း (Liberalisation)စသည့်မူဝါဒများကို ပုဂ္ဂလိကကဏ္ဍနှင့်ပူးပေါင်း၍ အမြန်ဆုံးအကောင်အထည်ဖော်ရန် လုပ်ဆောင်နေသည်။

၂။ OECD အဖွဲ့ဝင်ဖြစ်ရေးကို မလွဲမသွေ ဦးစားပေးရမည်

ထိုင်းနိုင်ငံအသွင်ကူးပြောင်းရေး၏ အဓိကသော့ချက်တစ်ခုမှာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့(OECD)သို့ ဝင်ရောက်နိုင်ရေးရည်မှန်းချက်ဖြစ်သည်။ ဖွံ့ဖြိုးတိုးတက်မှုစံနှုန်းများကို အဆင့်မြှင့်တင်နေသည့် အခြားနိုင်ငံများ၏ နောက်တွင် ကျန်ရစ်မနေခဲ့စေရန်အတွက် OECD အဖွဲ့ဝင်ဖြစ်ရေးကို ထိုင်းနိုင်ငံအနေဖြင့် အဓိကဦးစား ပေးလုပ်ဆောင်ရမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က အလေးအနက်ဆို သည်။

OECD အဖွဲ့ဝင်ဖြစ်လာစေရန်အတွက် ထိုင်းနိုင်ငံအနေဖြင့် အောက်ပါကဏ္ဍများကို နိုင်ငံတကာစံနှုန်းများနှင့်အညီ မြှင့်တင်သွားရမည်ဖြစ် သည်။

  • ပွင့်လင်းမြင်သာမှုရှိခြင်း: အစိုးရ၏ပရောဂျက်များနှင့် ပစ္စည်း ဝယ်ယူမှုတင်ဒါစနစ်များ(Public Procurement)တွင် ပွင့်လင်းမြင်သာမှု မြှင့်တင်ရန်။
  • စည်းမျဉ်းများပြုပြင်ခြင်း: ပြည်တွင်းဥပဒေများနှင့် စည်းဉ်းစည်းကမ်းများကို နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီအောင် ညှိနှိုင်းပြင်ဆင်ရန်။
  • အခွန်နှင့် အချက်အလက်စနစ်: အခွန်မူဝါဒများကို ပိုမိုကောင်းမွန်အောင်ပြုပြင်ပြီး၊ သတင်းအချက်အလက်ထုတ်ဖော်ချပြမှု(Information Disclosure)စနစ်ကို အားကောင်းစေရန်။

အစိုးရအနေဖြင့် ဤပြုပြင်ပြောင်းလဲမှုများကို အပြည့်အဝကတိပြု လုပ်ဆောင်သွားမည်ဖြစ်ပြီး၊ ယင်းက ထိုင်းနိုင်ငံ၏ ဂုဏ်သိက္ခာနှင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုကို များစွာတိုးတက်စေမည်ဖြစ်သည်။

၃။ လူထုသက်သာချောင်ချိရေးနှင့် အဂတိလိုက်စားမှု ကင်းရှင်းရေး

ထို့အပြင် နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းများအောက်တွင် ရင်းနှီးမြှုပ်နှံ မှုများဆွဲဆောင်နိုင်ရန် စီးပွားရေးလုပ်ငန်းများအတွက် သင့်လျော်သော ဘဏ္ဍာရေးနှင့် အတိုးနှုန်းကုန်ကျစရိတ်များ(Appropriate Financial Costs)ရှိစေရန် ဖန်တီးပေးခြင်းသည်လည်း အရေးကြီးသည်။

ဝန်ကြီးချုပ်က "ကျွန်တော်တို့အနေနဲ့ ပြည်သူတွေကို လူမှုဖူလုံရေး (Welfare)ကောင်းကောင်းပေးနိုင်မယ်၊ စားဝတ်နေရေးကို ဂရုစိုက်ပေးမယ်၊ ပြီးတော့ ကဏ္ဍစုံမှာ လူထုရဲ့ သဘောထားအမြင်တွေနဲ့ ပါဝင်မှုကို လမ်းဖွင့်ပေးထားမယ်ဆိုရင်၊ နိုင်ငံတကာအသိုက်အဝန်းက ထိုင်းနိုင်ငံကို စီးပွားရေးအခွင့်အလမ်းတွေဖန်တီးဖို့ ယုံကြည်စိတ်ချစွာ အသုံးပြုလာကြလိမ့်မယ်" ဟုဆိုသည်။

အကယ်၍ ထိုင်းနိုင်ငံ ပိုမိုခိုင်မာလာပြီး OECD အဖွဲ့ဝင်အဖြစ် အောင်မြင်စွာဝင်ရောက်နိုင်ပါက၊ ပြည်ပနိုင်ငံများအနေဖြင့် ထိုင်းနိုင်ငံအပေါ် အဂတိလိုက်စားမှုရှိခြင်း သို့မဟုတ် စစ်ဆေးရခက်ခဲခြင်း(Lack of Scrutiny)စသည့်စွပ်စွဲချက်များပြုလုပ်နိုင်တော့မည်မဟုတ်ဘဲ ကမ္ဘာက ထိုင်းနိုင်ငံကို ပုံရိပ်အသစ်ဖြင့် မြင်တွေ့ရမည်ဖြစ်ကြောင်း အာမခံပြောကြားခဲ့သည်။

ကိုးကား။ The Nations Thailand

(ရည်မွန်လှိုင်၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News