အိန္ဒိယနှင့် EFTA အကြား လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်(FTA)အကောင်အထည်ဖော်ပြီးနောက် နောက်ဆက်တွဲကိစ္စရပ်များကို ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Piyush Goyal ၏ ယခုသီတင်းပတ်အတွင်း ဆွစ်ဇာလန်နိုင်ငံခရီးစဉ်အတွင်း ဆွေးနွေးဖွယ်ရှိကြောင်း သိရှိရပါသည်။
အိန္ဒိယနှင့် (၄)နိုင်ငံပါဝင်သော ဥရောပလွတ်လပ်သောကုန်သွယ်ရေးအဖွဲ့အစည်း(European Free Trade Association-EFTA) တို့သည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလတွင် ကုန်သွယ်မှုနှင့် စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက်(Trade and Economic Partnership Agreement -TEPA) ကို အကောင်အထည်ဖော်ခဲ့ပါသည်။
EFTA အဖွဲ့ဝင်များမှာ အိုက်စလန်၊ လစ်ချင်စတိန်း၊ နော်ဝေးနှင့် ဆွစ်ဇာလန်တို့ဖြစ်ကြသည်။
ပြည်ထောင်စုဝန်ကြီး Piyush Goyal သည် ဇွန်လ ၁၂ ရက်နေ့တွင် ဆွစ်ဇာလန်နိုင်ငံမြို့တော် ဘန်းမြို့သို့ သွားရောက်မည်ဖြစ်ပြီး ဆွစ်ဇာလန်အစိုးရအဆင့်မြင့်ကိုယ်စားလှယ်များနှင့် ဆွစ်ဆေးဝါးလုပ်ငန်းကဏ္ဍမှ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။
ကုန်သွယ်မှုနှင့် စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက်(TEPA)အကောင်အထည်ဖော်မှုအခြေအနေ၊ အဆိုပါသဘောတူညီချက်မှ ပေါ်ပေါက်လာသော လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များကို ဖြေရှင်းခြင်းနှင့် နှစ်နိုင်ငံကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် အဖွဲ့အစည်းဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ခြင်းတို့ကိုအဓိကထားဆွေးနွေး သွားမည်ဖြစ်ကြောင်း ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့တွင် အိန္ဒိယကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးသည် နှစ်နိုင်ငံကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုကို တိုးချဲ့မည့်အခွင့်အလမ်းများကို ဆွေးနွေးရန် ဆွစ်ကုမ္ပဏီများနှင့် ဇူးရစ်မြို့ရှိ ရင်းနှီးမြှုပ်နှံသူများနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။
ပြည်ထောင်စုဝန်ကြီး Piyush Goyal နှင့်အတူ စက်မှုလုပ်ငန်းနှင့် ပြည်တွင်းကုန်သွယ်ရေး မြှင့်တင်ရေးဌာန(Department for Promotion of Industry and Internal Trade - DPIIT) နှင့် ကျန်းမာ ရေးနှင့် မိသားစုဖူလုံရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိများလိုက်ပါသွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
Source: Issues related to India-EFTA trade pact implementation may figure during
Piyush Goyal's Switzerland visit: The Economic Times: June 11, 2026.
(လွင်ကိုကိုမောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)