စင်ကာပူနိုင်ငံသည် ကမ္ဘာပေါ်ရှိ စီးပွားရေးလုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုန်သွယ်ရေးတို့အတွက် အချက်အခြာကျသည့်နေရာမှ ပါဝင်နိုင်ရန် ရွှေကိုကောင်တာတွင် အလွယ်တကူဝယ်ယူနိုင်မည့်စနစ်ကို ၂၀၂၆ ခုနှစ်တွင်စတင်မည်ဖြစ်ကြောင်း The Business Times သတင်းစာတွင် ဖော်ပြပါရှိပါသည်။
စင်ကာပူနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ် Gan Kim Yong က ၁၅-၆-၂၀၂၆ ရက်နေ့တွင် ကျင်းပပြုလုပ်သော Asia-Pacific Precious Metals Conference ၌ စင်ကာပူနိုင်ငံငွေကြေးအာဏာပိုင်အဖွဲ့(Monetary Authority of Singapore–MAS)သည် ဘဏ်များတွင် ရွှေများသိမ်းဆည်းနိုင်မည့်စနစ်ကို ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလတွင်စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံခြားဘဏ်များနှင့် အခွင့်ရအဖွဲ့အစည်းများ၏ ရွှေလက်ဝယ်ပိုင်ဆိုင်မှုများကို ကောင်းစွာစီမံဆောင်ရွက်လိုသည်ကို သိရှိပါကြောင်း၊ ထို့ကြောင့် စင်ကာပူနိုင်ငံအခြေစိုက် ရွှေနှင့်တန်ဖိုးမြင့်သတ္ထုများနှင့်ဆက်စပ်သောဘဏ်များအတွက် ဝန်ဆောင်မှုများပေးနိုင်ရန် ရွှေသိမ်းဆည်းခြင်းဆိုင်ရာစာရင်းများဖွင့်လှစ်ခွင့်ပေးမည်ဖြစ်ကြောင်း၊ ဗဟိုဘဏ်အနေဖြင့် တန်ဖိုးမြင့်ဓာတ်သတ္ထုဆိုင်ရာ ရင်းနှီး မြှုပ်နှံမှုအပေါ်ကောက်ခံသည့် အခွန် ၅ ရာခိုင်နှုန်းကို ဖယ်ရှားပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
အရှေ့အလယ်ပိုင်းပဋိပက္ခများကြောင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတွင် ရွှေဈေးသည် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၅,၅၀၀ အထိမြင့်တက်ခဲ့ပြီး အာရှဒေသ၌ နှစ်စဉ်ရွှေဝယ်ယူသူနှင့် ရင်းနှီးမြှုပ်နှံမှုများ၏ ရွှေဝယ်ယူမှု ၇၀ ရာခိုင်နှုန်းခန့်သည် အဓိကတွန်းအားတစ်ခုဖြစ်စေခဲ့ပါ သည်။
ရွှေကိုကောင်တာတွင် အလွယ်တကူဝယ်ယူနိုင်မည့် စနစ်ကို ၂၀၂၆ ခုနှစ်ကုန်ပိုင်းတွင် Singapore Exchange(SGX)က စတင်အကောင် အထည်ဖော်မည်ဖြစ်ပြီး ဘဏ်များအချင်းချင်း ချိတ်ဆက်ဆောင်ရွက် နိုင်မှုကို ၂၀၂၇ ခုနှစ်အတွင်း စတင်နိုင်ရန်ရည်မှန်းထားကြောင်း၊ DBS၊ Deutsche Bank၊ ICBC Standard Bank၊ JPMorgan၊ OCBC၊ UOB ဘဏ်များနှင့် SGX တို့အကြား နားလည်မှုစာလွှာကို လက်မှတ်ရေးထိုး ခဲ့ ကြောင်း၊စင်ကာပူနိုင်ငံအနေဖြင့် ဈေးကွက်အတွင်း ပါဝင်သူများအကြား ကွဲလွဲမှုများကို လျှော့ချရန် ၎င်း၏ ဈေးကွက်အလေ့အထများနှင့် သက်ဆိုင်ရာ ကမ္ဘာ့စံနှုန်းများကို ချိန်ညှိသွားမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် လန်ဒန်ရွှေဈေးကွက် ဆိုင်ရာအဖွဲ့အစည်း(London Bullion Market Association-LBMA)က ထုတ်ပြန်ထားသည့် ကုန်စည်များပို့ဆောင်ရေးဆိုင်ရာမူဘောင်၏ စံချိန်စံနှုန်းများနှင့် Chicago Mercantile Exchange နှင့် Shanghai Gold Exchange တို့၏ သတ်မှတ်စံချိန်စံနှုန်းများလည်း ပါဝင်ကြောင်း ဖော်ပြပါရှိ ပါသည်။
SGX သည် ရွှေနှင့်ဆက်စပ်သော ဈေးနှုန်းသတ်မှတ်ချက်များနှင့် ကြုံတွေ့လာနိုင်သော အခက်အခဲများကိုဖြေရှင်းနိုင်ရန် သဘောတူစာချုပ်များချုပ်ဆိုဆောင်ရွက်သွားရန်ရှိကြောင်း၊ ၂၀၁၄ ခုနှစ်တွင် ယခု ကဲ့သို့အစီအမံမျိုးဆောင်ရွက်ခဲ့သော်လည်း ကုန်သွယ်မှုတွင် အကျိုး အမြတ်နည်းပါးသည့်အတွက် ၂၀၁၈ ခုနှစ်တွင် ယင်းအစီအမံကိုရပ်ဆိုင်းခဲ့ပါကြောင်း၊ ဘဏ်များအနေဖြင့် တိုကင်စနစ်ဖြင့် ရွှေစုဆောင်းရယူသည့်နည်းလမ်းကို အသုံးပြုရန် စိတ်အားထက်သန်လျက်ရှိပါကြောင်း ဖော်ပြပါရှိပါသည်။
ရင်းမြစ်။ The Business Times သတင်းစာ
(ဧဧသန့်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)