အမေရိကန်နှင့် အပြန်အလှန်အခွန်နှင့်စပ်လျဉ်း၍ ပြန်လည်ညှိနှိုင်းနေရသောကြောင့် ထိုင်းနိုင်ငံ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများတွင် စိန်ခေါ်မှုများမြင့်တက်လာနိုင်ပြီး ပိတ်သိမ်းမှုများ ပိုမိုဖြစ်လာနိုင်ကြောင်း K-Research နှင့် SCB ဘဏ်တို့မှသုတေသနပညာရှင်များက ထုတ်ဖော်ပြောကြားခဲ့သည်။
ပြည်တွင်းဝယ်လိုအားကျဆင်းခြင်းနှင့် သွင်းကုန်တိုးမြှင့်လာခြင်းကြောင့် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများသည် ဆုံးရှုံးမှုများနှင့် ပိတ်သိမ်းမှုများ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း၊ ဘတ် ၁၀၀ သန်းအောက်နည်းသော မတည်ရင်းနှီးငွေရှိသည့် အသေးစားလုပ်ငန်းများ သည် ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အကြား ပိတ်သိမ်းမှုမှာ ၁ နှစ်လျှင် ပျမ်းမျှ ၇ ရာခိုင်နှုန်းမြင့်တက်လာလျက်ရှိကြောင်း၊ ပိတ်သိမ်းမှုအရေ အတွက်မှာ ၂၀၂၁ ခုနှစ်တွင် လုပ်ငန်း ၁၉,၂၃၇ ခုမှ ၂၀၂၂ ခုနှစ်တွင် ၂၁, ၇၆၄ ခု၊ ၂၀၂၃ ခုနှစ်တွင် ၂၃,၂၈၀ ခုနှင့် ၂၀၂၄ ခုနှစ်တွင် ၂၃,၅၅၁ ခုထိ ရောက်ရှိလာပြီဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၃ ခုနှစ်အတွင်း လုပ်ငန်း ၁၀၆,၅၉၅ ခုသည် ဆက်တိုက်အရှုံးပေါ်နေသည်ဟု အစီရင်ခံလာပါကြောင်း၊ အသေးစားလုပ်ငန်းများသည် ပြင်းထန်သည့် ဖိအားများနှင့် စိန်ခေါ်မှုများကြုံတွေ့နေရပါကြောင်း၊ ယင်းတို့တွင် ကုန်သွယ်ရေးတင်းမာမှုများ၊ ပြည်တွင်းကျဆင်းနေသော ဈေးကွက်အတွင်း တင်သွင်း လာသော ကုန်စည်များနှင့် ယှဉ်ပြိုင်မှုမြင့်တက်လာခြင်းတို့ကြောင့်ဖြစ် ကြောင်း K-Research က ထောက်ပြထားပါသည်။
အဆိုပါစိန်ခေါ်မှုများသည် ပြည်တွင်းအသေးစားနှင့် အလတ်စားစီးပွား ရေးလုပ်ငန်းများတွင် ဆုံးရှုံးမှုများနှင့် ပိတ်သိမ်းမှုများ မြင့်တက်စေပါကြောင်း၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအနေဖြင့် ယှဉ်ပြိုင်မှုနှင့် ပိတ်သိမ်းမှုကြုံတွေ့နေရသည့် ကဏ္ဍများမှာ ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုများတွင်ဖြစ်ပြီး အထူးသဖြင့် လျှပ်စစ်အသုံးအဆောင်များ၊ သံမဏိနှင့် ဆက်စပ်ထုတ်ကုန်များ၊ ဆောက်လုပ်ရေး၊ အစားအစာဝန်ဆောင်မှုနှင့် စိုက်ပျိုးရေးတို့တွင်ဖြစ်ကြောင်း K-Research က ဖြည့် စွက်ထားပါသည်။
ထိုင်းအစိုးရအနေဖြင့် ဝက်သား၊ မွေးမြူရေးကြက်နှင့် ပြောင်းကဲ့သို့သော စိုက်ပျိုးရေးနှင့် မွေးမြူရေးထုတ်ကုန်များအတွက် ဈေးကွက်ကို အပြည့် အဝဖြေလျှော့ပေးလိုက်မည်ဆိုပါက ထုတ်လုပ်မှုကုန်ကျစရိတ်ကိုမြင့်တက်စေပြီး ပြည်တွင်းယှဉ်ပြိုင်မှုကိုလည်း အားနည်းသွားစေမည်ဖြစ် ကြောင်း၊ ဈေးကွက်ဖွင့်လှစ်ပေးခြင်းသည် အသေးစားလုပ်ငန်းတောင်သူများက ထုတ်လုပ်လျက်ရှိသည့် ယင်းကုန်စည်များအတွက် ပြည်တွင်းစက်ရုံများကို အနုတ်လက္ခဏာသက်ရောက်စေသော်လည်း စားသုံးသူ များအနေဖြင့် ဈေးနှုန်းသက်သာသည့်အကျိုးကျေးဇူးရရှိပါကြောင်း SCB က ဖြည့်စွက်ထောက်ပြပါသည်။
ထိုင်းဗဟိုဘဏ်သည် လုပ်ငန်းလည်ပတ်နေသူများနှင့် ဆွေးနွေးခဲ့ပြီး အများစုမှာ လုပ်ငန်းလည်ပတ်စရိတ်မြင့်တက်မှုနှင့် ယှဉ်ပြိုင်နိုင်မှုအား နည်းသွားမည်ကို စိုးရိမ်နေကြပါကြောင်း၊ သို့သော် အချို့မှာ ၎င်းတို့၏ ပို့ကုန်ဈေးကွက်သစ်များကို ပြောင်းလဲနေကြပြီဖြစ်ကြောင်း၊ စိုက်ပျိုးရေးကဏ္ဍမှ လုပ်ငန်းရှင်များက တန်ဖိုးမြင့်ထုတ်ကုန်များထုတ်လုပ်ပြီး တိရစ္ဆာန်အစာဈေးကွက်သို့ ရွေ့လျားသွားပါကြောင်း၊ လျှပ်စစ်အသုံး အဆောင်ပစ္စည်းများ၊ သံမဏိနှင့် သံမဏိထုတ်ကုန်များ၊ ခရီးသည်တင်ယာဉ်များ၊ ရေနံဓာတုများ၊ ချည်မျှင်နှင့် အထည်စသည့်ကဏ္ဍများမှ ဈေးကွက်ဝေစုကျဆင်းခြင်းနှင့် ရောင်းအားတိုးတက်မှုအပေါ် အစီရင်ခံနေဆဲဖြစ်ကြောင်း ထိုင်းဗဟိုဘဏ်လက်ထောက်ဥက္ကဋ္ဌ Mr. Sakka-pop Panyanukul က သုံးသပ်ထားပါသည်။
Source: www.bangkokpost.com
(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)