အိန္ဒိယနိုင်ငံတွင် အီသနောထုတ်လုပ်သူများနှင့် ကြက်စာထုတ်လုပ်သူများကဲ့သို့သော ကဏ္ဍများမှ ဝယ်လိုအားများ လျော့ကျလာခြင်းနှင့်အတူ သီးနှံများစံချိန်တင်ထွက်ရှိလာမည်ဟု မျှော်မှန်းထားချက်များကြောင့် ပြောင်းသီးနှံများ ဈေးကွက်သို့ ဝင်ရောက်လာမှု မြင့်တက်လာချိန်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြောင်းဈေးနှုန်းများသည် ကြမ်းခင်း ဈေး(MSP)အဆင့်များအောက်သို့ ဦးတည်နေကြောင်း The Hindu Businessline သတင်းဌာနက ယခုလ ၄ ရက်နေ့က ဖော်ပြသည်။
ပြည်နယ်အသီးသီးရှိ လက်ကားဈေးကွက်များတွင် အရောင်းအဝယ်အများစုဖြစ်ပေါ်သည့် ပုံမှန်ဈေးနှုန်းများမှာ ၁ ကွင်တယ်(၁၀၀ ကီလို ဂရမ်)လျှင် ရူပီး ၁,၃၀၀ မှ ရူပီး ၂,၁၀၀ ကြားတွင်ရှိနေပြီး၊ ၂၀၂၅ ခုနှစ် ခါရစ်(မိုး)ရာသီအတွက် အစိုးရမှ သတ်မှတ်ထားသော ကြမ်းခင်းဈေး (MSP)ဖြစ်သည့် ရူပီး ၂,၄၀၀ အောက်တွင်ရှိနေကြောင်း တွေ့ရှိရသည်။ ယင်းသို့ဈေးနှုန်းများ ကြမ်းခင်းဈေးအောက်သို့ ဦးတည်နေသောကြောင့် တောင်သူလယ်သမားအချို့သည် အစိုးရအား ကြမ်းခင်းဈေးဖြင့် ဝယ်ယူ ပေးရန် တောင်းဆိုလျက်ရှိသည်။ Telangana ပြည်နယ်သည် အဆိုပါသီးနှံကို ကြမ်းခင်းဈေးဖြင့် စတင်ဝယ်ယူလျက်ရှိကာ စုစုပေါင်းတန်ချိန် ၈ သိန်းခန့်ဝယ်ယူရန် စီစဉ်ထားကြောင်း သိရသည်။
အိန္ဒိယတောင်သူလယ်သမားများသည် ပိုမိုကောင်းမွန်သော အကျိုး အမြတ်ရရှိရန် မျှော်မှန်း၍ ယခု ခါရစ်(မိုး)ရာသီတွင် ပြောင်းစိုက်ဧကများကို တိုးချဲ့လျက်ရှိပြီး ယခင်နှစ် ဧက ၈ ဒသမ ၄၃ သန်းမှ ဧက ၁ သန်းခန့်တိုးချဲ့ကာ ဧက ၉ ဒသမ ၄၉ သန်းခန့်အထိ တိုးချဲ့စိုက်ပျိုးခဲ့ကြောင်း သိရသည်။ အချို့ ဒေသများတွင် မိုးရေချိန်ပိုလျှံမှုကြောင့် သီးနှံအပေါ် သက်ရောက်မှုရှိသော်လည်း စိုက်ဧကတိုးတက် လာခြင်းကြောင့် ၂၀၂၅ ခုနှစ် ခါရစ် ရာသီအတွက် ပြောင်းသီးနှံကို စံချိန်တင်အထွက်နှုန်း ရရှိလာဖွယ်ရှိကြောင်း ခန့်မှန်းလျက်ရှိကြသည်။
အီသနောထုတ်လုပ်သူများထံမှ ပြောင်းဝယ်လိုအားသည် ဆန်နှင့်ကြံကဲ့သို့သော အခြားကုန်ကြမ်းများရရှိနေခြင်းကြောင့် လျော့ကျသွားခဲ့ကြောင်း IGrain India မှ Rahul Chauhan က ပြောကြားခဲ့သည်။ ထို့အပြင် အစိုးရသည် ၂၀၂၅-၂၆ ဘဏ္ဍာနှစ်အတွက် အီသနောထုတ်လုပ် သူများအား ဆန်တန်ချိန် ၅ ဒသမ ၂ သန်းကို ခွဲဝေပေးထားကြောင်း သိရသည်။ သီးနှံအခြေခံအီသနောထုတ်လုပ်မှုလုပ်ငန်းစဉ်မှ ထွက်ရှိသော ဘေးထွက်ပစ္စည်းဖြစ်သည့် DDGS(ပျော်ဝင်ပစ္စည်းပါဝင်သော ပေါင်းခံပြီး ခြောက်သွေ့သည့် အစေ့အဆန်များ)ကို ကြက်မွေးမြူရေးလုပ်ငန်းရှင်များအတွက် ပိုမိုရရှိလာခြင်းသည်လည်း တိရစ္ဆာန်အစာကဏ္ဍမှ ပြောင်းဝယ်လိုအားကို ထိခိုက်စေနိုင်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
ပြည်နယ်အများအပြားတွင် ခါရစ်သီးနှံများအပေါ် ရာသီမဟုတ် မိုးရွာသွန်းခြင်းနှင့် မိုးရေချိန် ပိုလျှံစွာရရှိမှုများရှိသော်လည်း စိုက်ဧကတိုးလာခြင်းကြောင့် ယခုနှစ်ပြောင်းအထွက်နှုန်းသည် ပြီးခဲ့သည့် နှစ်ထက် ပိုမိုများပြားလာမည်ဟု မျှော်မှန်းရကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
Maharashtra ပြည်နယ်၏ အဓိကပြောင်းစိုက်ပျိုးသည့်ဒေသများအနက် တစ်ခုတွင် သီးနှံများ ကျယ်ကျယ်ပြန့်ပြန့်ပျက်စီးဆုံးရှုံးခဲ့သော် လည်း ပြီးခဲ့သည့်နှစ်နှင့်နှိုင်းယှဉ်ပါက ဈေးနှုန်းများသိသိသာသာကျဆင်း သွားခဲ့ကြောင်းသိရသည်။ ပြီးခဲ့သည့်နှစ် အောက်တိုဘာလတွင် Maharashtra ပြည်နယ်၏အဓိက ပြောင်းဈေးကွက်ကြီးနှစ်ခုဖြစ်သည့် Jalna ခရိုင်တွင် ပြောင်းဈေးနှုန်းများသည် ၁ ကွင်တယ်(၁၀၀ ကီလို ဂရမ်)လျှင် ရူပီး ၁,၉၀၀ မှ ရူပီး ၂,၃၀၀ ကြားရှိခဲ့ပြီး Sangli စိုက်ပျိုးရေးထုတ်ကုန်ဈေးကွက် (APMC)တွင်မူ ၁ ကွင်တယ်(၁၀၀ ကီလိုဂရမ်)လျှင် ရူပီး ၂,၃၅၀ မှ ရူပီး ၂,၄၅၀ ကြားရှိခဲ့ကြောင်း သိရသည်။ သို့ရာတွင် ယခုလ ၂၈ ရက်နေ့တွင် Jalna စိုက်ပျိုးရေးထုတ်ကုန်ဈေးကွက်(APMC)တွင် ပုံမှန် ဈေးနှုန်းသည် ၁ ကွင်တယ်(၁၀၀ ကီလိုဂရမ်)လျှင် ရူပီး ၁,၄၅၀ အထိကျဆင်းသွားခဲ့ပြီး အနိမ့်ဆုံးဈေးနှုန်းမှာ ရူပီး ၉၅၀ နှင့် အမြင့်ဆုံးဈေးနှုန်းမှာ ရူပီး ၁,၈၀၀ ဖြစ်ခဲ့ကြောင်း တွေ့ရှိရသည်။
၂၀၂၄-၂၅ ဘဏ္ဍာနှစ်အတွက် တတိယအကြိမ်ကြိုတင်ခန့်မှန်းချက်များအရ အိန္ဒိယနိုင်ငံ၏ ပြောင်းအထွက်နှုန်းသည် ၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင် တန်ချိန် ၃၇၆ ဒသမ ၆၅ သိန်းရှိခဲ့ရာမှ တန်ချိန် ၄၂၂ ဒသမ ၈၁ သိန်းအထိ ထွက်ရှိမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။
သို့ပါ၍ အိန္ဒိယနိုင်ငံတွင် အီသနောနှင့် တိရိစ္ဆာအစာထုတ်လုပ်ရေးကဏ္ဍတို့မှ ပြောင်းဝယ်လိုအား ကျဆင်းလာသကဲ့သို့ ယခုနှစ်အတွက် ပြောင်းစိုက်ဧကတိုးတက်ကာ ပြောင်းသီးနှံပိုမိုထွက်ရှိလာမည်ဟူသောမျှော်မှန်းချက်များကြောင့် ပြောင်းဈေးနှုန်းများသည် အစိုးရသတ်မှတ်ဈေးအောက် ကျဆင်း လျက်ရှိပါသည်။
(ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)