International News

International Centre for Settlement of Investment Disputes (ICSID) ရုံးခွဲကို စင်ကာပူနိုင်ငံတွင် ဖွင့်လှစ်ရန် စီစဉ်လျက်ရှိ

Last Updated:

International Centre for Settlement of Investment Disputes(ICSID)ရုံးခွဲကို စင်ကာပူမြို့တွင် ဖွင့်လှစ်မည်ဖြစ်ပြီး ဝါရှင်တန်ဒီစီမြို့ရှိ ၎င်း၏ရုံးစိုက်ရာပြင်ပ၌ ဖွင့်လှစ်သည့် ပထမဦးဆုံးရုံးဖြစ်ပါသည်။ စင်ကာပူနိုင်ငံ ဥပဒေရေးရာဝန်ကြီး Edwin Tong နှင့် ICSID အထွေထွေအတွင်းရေးမှူး Martina Polasek တို့သည် စင်ကာပူမြို့တွင် ICSID ရုံးခွဲ ဖွင့်လှစ်ရန်အတွက် စာလွှာ(Letter of Intent)ကို ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။

ဥပဒေရေးရာဝန်ကြီး Edwin Tong က ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် “ICSID စင်ကာပူရုံးသည် ဒေသတွင်းရုံးတစ်ခုအဖြစ် ဆောင်ရွက်မည်ဖြစ်ပြီး ထင်ရှားသည့်မှတ်တိုင်တစ်ခုဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုအငြင်းပွားမှုများကို ကာကွယ်ခြင်း၊ ဖြေရှင်းခြင်း၊ ပညာပေးခြင်းတို့တွင် ဒေသတွင်း၏ လိုအပ်ချက်များကို ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ ICSID စင်ကာပူရုံးဖွင့်လှစ်ခြင်းသည် စင်ကာပူနိုင်ငံအနေဖြင့် အပြည်ပြည်ဆိုင်ရာ အငြင်းပွားမှုဖြေရှင်းခြင်းအတွက် အဓိကနေရာတစ်ခုအဖြစ် ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း” ဖော်ပြခဲ့ပါ သည်။

ICSID စင်ကာပူရုံး ဖွင့်လှစ်ရန်အစီအစဉ်သည် ဇွန်လက ဝါရှင်တန်မြို့၌ စင်ကာပူနိုင်ငံဥပဒေရေးရာ ဝန်ကြီးဌာနနှင့် ICSID တို့အကြား နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခဲ့ခြင်း၏ နောက်ဆက်တွဲ မှုဖြစ်ပါသည်။ ICSID စင်ကာပူရုံးသည် အငြင်းပွားမှုများကိုစီမံခန့်ခွဲမည်ဖြစ်ပြီး စွမ်းဆောင်ရည်မြှင့်သင်တန်းများကို ပြုလုပ် ပေးမည်ဖြစ်ပါသည်။ ထို့အပြင် စင်ကာပူနိုင်ငံနှင့် ဒေသတွင်းမှ အစိုးရအရာရှိများ၊ ဥပဒေပညာရှင်များ၊ အဖွဲ့အစည်းများနှင့် ဆက်ဆံဆောင်ရွက်မှုများကို တိုးမြှင့်မည်ဖြစ်ပါသည်။ ICSID စင်ကာပူရုံးကို ကမ္ဘာ့ဘဏ်အုပ်စု(World Bank Group)စင်ကာပူဌာနချုပ်တွင် ထားရှိမည်ဖြစ်ပါသည်။

ရင်းမြစ်။        The Business Times

(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)

Category: International News