International News

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလမှစ၍ စင်ကာပူနိုင်ငံရှိ စူပါမားကတ်ကြီးများတွင် ကုန်စည်များ၏ တစ်ယူနစ်ဈေးနှုန်းဖော်ပြမည့် ကနဦးစမ်းသပ်အစီအစဉ်စတင်ဆောင်ရွက်မည်

Last Updated:

စင်ကာပူ ယှဉ်ပြိုင်မှုနှင့် စားသုံးသူကော်မရှင်(Competition and Consumer Commission of Singapore – CCCS) နှင့် စင်ကာပူ စားသုံးသူများအသင်း (Consumers Association of Singapore-CASE)တို့ပူးပေါင်းကာ စင်ကာပူနိုင်ငံရှိ အဓိကစူပါမားကတ်များဖြစ်သည့် NTUC FairPrice ၊ Sheng Siong ၊ Prime Supermarket ၊ Cold Storage နှင့် Giant တို့တွင် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှစ၍ ကုန်စည်များ၏ တစ်ယူနစ်ဈေးနှုန်းဖော်ပြမည့် ကနဦးစမ်းသပ်အစီအစဉ် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ရွေးချယ်ထားသည့်ကုန်စည်များဖြစ်သော ဆန်၊ အသား၊ ဥ၊ ဆီ၊ သစ်သီးများ၊ ဟင်းသီးဟင်းရွက် စသည်တို့၏တစ်ယူနစ်ဈေးနှုန်းများကို ဖော်ပြမည်ဖြစ်ပြီး ကနဦးစမ်းသပ်ကာလမှာ ၈ ပတ်ဖြစ်ပါသည်။ အဆိုပါအစီအစဉ်သည် ဝယ်ယူသူများအတွက် ကုန်စည်များ၏အရွယ်အစားနှင့် ကုန်အမှတ်တံဆိပ်များအရ ဈေးနှုန်းများကို အလွယ်တကူနှိုင်းယှဉ်နိုင်စေမည်ဖြစ်ပြီး ဈေးနှုန်းအရ ပွင့်လင်းမြင်သာမှုပိုမိုရှိစေရန်ရည်ရွယ်ပါသည်။ စမ်းသပ်ကာလအတွင်း ဝယ်ယူသူများကို ဈေးကွက်စစ်တမ်းကောက်ယူသည့်ကုမ္ပဏီက တစ်ယူနစ်ဈေးနှုန်းဖော်ပြမှု၏ အကျိုးကျေးဇူးနှင့် ထိုသို့ဖော်ပြခြင်းဖြင့် ဝယ်ယူသူများ၏လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်မှုစသည်ဖြင့် စစ်တမ်းကောက်ယူရန်အတွက် မေးခွန်းမေးမြန်းမှုများ ရှိနိုင်ပါသည်။

CCCS ၏ အမှုဆောင်အရာရှိချုပ် Mr. Alvin Koh က “စမ်းသပ်အစီအစဉ်သည် နောင်တွင် တစ်ယူနစ်ဈေးနှုန်းဖော်ပြခြင်းအတွက် အရေးကြီးသည့်အစီအစဉ်ဖြစ် ကြောင်း၊ အစီအစဉ်၏ထိရောက်မှုနှင့် ဖြစ်ပေါ်လာနိုင်သည့်ကိစ္စရပ်များကို ဆန်းစစ်နိုင်ရန်အတွက် ဈေးဆိုင်များအနေဖြင့် စမ်းသပ်အစီအစဉ်တွင် တက်ကြွစွာပါဝင်မည်ဟုမျှော်လင့်ကြောင်း၊ စမ်းသပ်အစီအစဉ်သည် ဝယ်ယူသူများအတွက် အကျိုးရှိမည့်အတိုင်းအတာကို ဆန်းစစ်နိုင်ရန် အကြံဉာဏ်များနှင့် အတွေ့အကြုံများကို သိရှိလိုကြောင်း” ပြောကြားခဲ့ပါသည်။

CASE ၏ ဥက္ကဋ္ဌ Mr. Melvin Yon က “၂၀၂၂ ခုနှစ်မှစ၍ နေ့စဉ်သုံးကုန်စည်များ၏ တစ်ယူနစ်ဈေးနှုန်းများသည် ဝယ်ယူသူများအတွက် ဈေးနှုန်းနှိုင်းယှဉ်ရာတွင် အကူ အညီဖြစ်စေကြောင်းကို ထောက်ခံခဲ့ကြောင်း၊ အသုံးစရိတ်စိစစ်အသုံးပြုနေရသည့် ဝယ်ယူသူများအတွက် အရေးကြီးကြောင်း၊ ပွင့်လင်းမြင်သာမှုပိုမိုရှိစေမည့် တစ်ယူနစ်ဈေးနှုန်းဖော်ပြသည့် စမ်းသပ်အစီအစဉ်ကို အားပေးကြောင်း၊ ယူကေနိုင်ငံ၊ ဩစတြေးလျနိုင်ငံကဲ့သို့သောနိုင်ငံများတွင် အလားတူအစီစဉ်ကြောင့် အကျိုးရှိနေကြောင်း၊ CASE သည် ၂၀၂၃ ခုနှစ်မှစ၍ Price Kaki app တွင် ကုန်စည်အမျိုးအစားပေါင်း ၆၀၀၀ ကျော်အတွက် တစ်ယူနစ်ဈေးနှုန်းများကို ဖော်ပြလျက်ရှိပြီး ကောင်းမွန်သည့်မှတ်ချက်များ ရရှိထားပြီးဖြစ်ကြောင်း၊ CASE အနေဖြင့် အများပြည်သူသို့ အသိပညာပေးသည့် အစီအစဉ်မှတစ်ဆင့် စမ်းသပ်အစီအစဉ်ကို ထောက်ပံ့မည်ဖြစ်ကြောင်း၊ စင်ကာပူနိုင်ငံရှိ အဓိကလက်လီဆိုင်များတွင် တစ်ယူနစ်ဈေးနှုန်းများဖော်ပြခြင်းကို ဆောင်ရွက်လာရန်မျှော်လင့်ကြောင်း” ပြောကြားခဲ့ပါသည်။

ရင်းမြစ်။   စင်ကာပူ ယှဉ်ပြိုင်မှုနှင့် စားသုံးသူကော်မရှင်(Competition and Consumer Commission of Singapore – CCCS)

(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)

Category: International News