ဖိလစ်ပိုင်နိုင်ငံသို့ အမေရိကန်မှ သွင်းကုန်ခွန် ၁၉ % ကောက်ခံမှု ဩဂုတ်လမှ စတင်ခဲ့ပြီးဖြစ်သည့်အတွက် ပို့ကုန်လုပ်ငန်းရှင်များအား အမေရိကန်ပြင်ပဈေးကွက်များဖြစ်သော ဥရောပ၊ အာဆီယံနှင့် အရှေ့အလယ်ပိုင်းဈေးကွက်များသို့ တင်ပို့နိုင်ရေးဆောင်ရွက်သွားရန် ဖိလစ်ပိုင်ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနဝန်ကြီးမှ ၄-၉-၂၀၂၅ ရက်နေ့က ကြေညာချက်ထုတ်ပြန်ခဲ့ပြီး ဦးဆောင်တိုက်တွန်းဆောင်ရွက်လျက်ရှိပါသည်။ လတ်တလောကာလများတွင် ဖိလစ်ပိုင်နိုင်ငံမှ အမေရိကန်နိုင်ငံသို့ သင်္ဘောတင်ပို့မှုအမြောက်အများရှိခဲ့ပြီး အခွန်ကောက်ခံမှုသည်လည်း စတင်နေပြီဖြစ်သည့်အတွက် နောက်လာမည့်လများအတွင်း ဈေးကွက်အသစ်များကို ရှာဖွေတင်ပို့သွားရန် လိုအပ်ပါကြောင်း ဖော်ပြပါရှိပါသည်။
စားသောက်ကုန်များတင်ပို့လျက်ရှိသည့် ပို့ကုန်လုပ်ငန်းရှင်များအား အီးယူ၊ ယူကေနှင့် အရှေ့အလယ်ပိုင်းဈေးကွက်များသို့ ဝင်ရောက်နိုင်ရေး READY4EU Project ကဲ့သို့သောအလားတူစီမံကိန်းများကို အကောင်အထည်ဖော်ပေးခြင်းအားဖြင့် ကူညီပံ့ပိုးပေးသွားမည်ဖြစ်ပါသည်။ ထို့ပြင် ပို့ကုန်လုပ်ငန်းရှင်များအား ဝယ်သူ/သွင်းကုန်လုပ်ငန်းရှင်များနှင့် Business matching မှတဆင့်ချိတ်ဆက်နိုင်စေရန်ဆောင်ရွက်ပေးခြင်း၊ ပို့ကုန်ဆိုင်ရာစာရွက်စာတမ်းအထောက်အထားများနှင့် အကောက်ခွန် ဆိုင်ရာလုပ်ငန်းစဉ်များ အဆင်ပြေလွယ်ကူချောမွေ့စေရေးအတွက်လည်း ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပါသည်။ အသေးစားနှင့် အငယ်စားစီးပွားရေးလုပ်ငန်းများ ပိုမိုကြီးထွားဖွံ့ဖြိုးလာစေရန်အတွက်လည်း နိုင်ငံတစ်ဝှမ်းကုန်ပစ္စည်းထုတ်ပိုးခြင်း၊ ဈေးကွက်ရှာဖွေခြင်း၊ နိုင်ငံတကာစံချိန်စံညွှန်းများဆိုင်ရာ အသိပညာ၊ ဗဟုသုတများမျှဝေပေးခြင်းအစီအစဉ်များကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း ဖော်ပြပါရှိပါသည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဇူလိုင်လအထိ ဖိလစ်ပိုင်နိုင်ငံမှ သင်္ဘောတင်ပို့မှု (Outbound shipments)သည် အမေရိကန်ဒေါ်လာ ၄၈.၆၂ ဘီလီယံရှိပြီး ၂၀၂၄ ခုနှစ်၊ အလားတူကာလတွင် အမေရိကန်ဒေါ်လာ ၄၂.၆၉ ဘီလီယံရှိခဲ့သည့်အတွက် နှိုင်းယှဉ်မည်ဆိုပါက ၁၃.၉% မြင့်တက်ခဲ့ကြောင်း ဖိလစ်ပိုင်စာရင်းအင်းအာဏာပိုင် အဖွဲ့(Philippines Statistics Authority–PSA)မှထုတ်ပြန်သည့် ကိန်းဂဏန်းအချက်အလက်များအရ သိရှိရပါသည်။ ယခုတင်ပို့မှုသည် အမေရိကန်၏ အခွန် ကောက်ခံမှုသက်ရောက်မှုမရှိသေးကြောင်းနှင့် ပို့ကုန်လုပ်ငန်းရှင်များမှ ရှေ့ပြေးတင်ပို့ထားခဲ့သည့် တင်ပို့မှုများသာဖြစ်ကြောင်း ဖော်ပြထားပါသည်။
သို့ရာတွင် ၂၀၂၅ ခုနှစ်၊ ဧပြီလမှ ဩဂုတ်လထိ အခွန်နှုန်းထားကွာခြားချက်သည် ၁၀% နီးပါးခန့်ရှိသဖြင့် ရှေ့ပြေးတင်ပို့မှုမှာ အမေရိကန်ဈေးကွက်သို့ တင်ပို့မှုမြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း ထင်မြင်ယူဆခဲ့ပါသည်။ အခွန်နှုန်းထားသည် မြင့်တက်သွားခဲ့ပြီး ပို့ကုန်တင်ပို့မှုမှာလည်း ဆက်လက်မြင့်တက်နေသည်ကိုလည်း သတိပြုမိကြောင်း အကောက်ခွန်ကော်မရှင်နာ George N. Manzano မှ ပြောကြားခဲ့ပြီး ၎င်းတို့အနေဖြင့် သက်သေပြနိုင်ခြင်းမရှိနေသော်လည်း ဖိလစ်ပိုင်နိုင်ငံသည် ဟောင်ကောင်နှင့် ဂျပန်နိုင်ငံများသို့ ဈေးကွက်ဖြန့်ကျက်ကာ တင်ပို့နေခြင်းဟု ယူဆပါကြောင်း ဖော်ပြပါရှိပါသည်။ ဟောင်ကောင်နှင့် ဂျပန်နိုင်ငံသို့ ဖိလစ်ပိုင်နိုင်ငံမှ တင်ပို့လျက်ရှိသည်မှာ လျှပ်စစ်ပစ္စည်းများဖြစ်ပြီး အဆိုပါနှစ်နိုင်ငံ၏ US-bound exports အဖြစ် သွင်းအားစုများကို ရောင်းချခြင်းဖြစ်နိုင်ကြောင်း နှင့် ၎င်း၏ မှန်းဆချက်သပ်သပ်သာဖြစ်ကြောင်းကိုလည်း ပြောကြားထားပါသည်။
Source: https://businessmirror.com.ph/2025/09/05/dti-steers-exporters-to-non-us-markets/
(ကေသွယ်ခိုင်၊ စီးပွားရေးသံမှူး၊ မနီလာမြို့)