International News

အနောက်အာရှအကျပ်အတည်း- လောင်စာဆီထောက်ပံ့မှုတည်ငြိမ်ကြောင်း အိန္ဒိယအစိုးရပြောကြားပြီး အိမ်သုံးလောင်စာဓါတ်ငွေ့(LPG) မှာယူမှု ၇၇ သိန်းအထိလျော့ကျသွား

Last Updated:

အနောက်အာရှဒေသတွင် တင်းမာမှုများဖြစ်ပွားနေသော်လည်း ဓာတ် ဆီ၊ ဒီဇယ်နှင့် အိမ်သုံးလောင်စာဓါတ်ငွေ့ပြတ်လပ်မှုမရှိကြောင်း အိန္ဒိယအစိုးရက အတည်ပြုပြောကြားထားစဉ်အတွင်း အိမ်သုံးလောင်စာဓါတ်ငွေ့(LPG)ပြန်လည်ဖြည့်တင်းရန်ကြိုတင်မှာယူမှုများသည် ယခင်က ၈၈ ဒသမ ၈ သိန်းခန့်ရှိခဲ့ရာမှ ၇၇ သိန်းခန့်အထိကျဆင်းသွားခဲ့ပြီး စိုးရိမ်စိတ်ဖြင့် အလုအယက်ဝယ်ယူမှုများ လျော့ကျလာသည့်လက္ခဏာဖြစ်ကြောင်း ET Energy World သတင်းဌာနက ယခုလ ၁၆ ရက်က ဖော်ပြခဲ့သည်။

လက်ရှိအခြေအနေနှင့်ပတ်သက်သည့် အစိုးရ၏နေ့စဉ်အစီရင်ခံစာအရ အိမ်သုံးလောင်စာဓါတ်ငွေ့ဖြန့်ဖြူးရောင်းချသူများထံ လူကိုယ်တိုင်သွားရောက်မည့်အစား ဒစ်ဂျစ်တယ်ပလက်ဖောင်းများကို အသုံးပြုရန် ရေနံချက်လုပ်ရောင်းချသည့်ကုမ္ပဏီများ၏ တိုက်တွန်းနှိုးဆော်မှုများကြောင့် အွန်လိုင်းမှတစ်ဆင့် မှာယူမှုနှုန်းသည် ၈၄ ရာခိုင်နှုန်းမှ ၈၇ ရာခိုင်နှုန်းခန့်အထိတိုးတက်လာကြောင်း သိရသည်။

ပြည်တွင်းရှိရေနံချက်စက်ရုံများအားလုံးသည် မြင့်မားသောလုပ်ငန်းလည်ပတ်မှုနှုန်းဖြင့် လုပ်ဆောင်လျက်ရှိကြပြီး ရေနံစိမ်းသိုလှောင်ထားရှိမှုမှာလည်း လုံလောက်သောအခြေအနေတွင်ရှိနေကြောင်း တာဝန်ရှိသူ များက ပြောကြားခဲ့သည်။ အိန္ဒိယနိုင်ငံသည် ဓာတ်ဆီနှင့် ဒီဇယ်ထုတ်လုပ်မှုတွင် ကိုယ်တိုင်ဖူလုံလျက်ရှိပြီး ပြည်တွင်းဝယ်လိုအားကို ဖြည့်ဆည်းရန်အတွက် ပြင်ပမှတင်သွင်းရန် မလိုအပ်ဟုဆိုသည်။

ရေနံချက်လုပ်ရောင်းချသည့် ကုမ္ပဏီများ၏အဆိုအရ နိုင်ငံတစ်ဝန်းတွင် စက်သုံးဆီထောက်ပံ့မှုများသည် ပုံမှန်အခြေအနေတွင်ရှိနေပြီး စက်သုံးဆီဆိုင်များ သို့မဟုတ် အိမ်သုံးလောင်စာဓါတ်ငွေ့ဖြန့်ဖြူးရောင်းချသူ များထံတွင် လောင်စာဆီပြတ်လပ်မှုမျိုးမရှိကြောင်း သိရသည်။

အဆိုပါအစီရင်ခံစာ၏ဖော်ပြချက်အရ အိမ်သုံးဂတ်စ်အိုးများအတွက် ကြိုတင်မှာယူမှုများသည် ယခုလ ၁၃ ရက်နေ့တွင် ၈၈ ဒသမ ၈ သိန်းရှိခဲ့ရာမှ မနေ့က ၇၇ သိန်းခန့်အထိကျဆင်းသွားခဲ့ပြီး အွန်လိုင်းမှတစ်ဆင့် မှာယူမှုနှုန်းမှာ ၈၇ ရာခိုင်နှုန်းနီးပါးအထိမြင့်တက်လာခဲ့ကြောင်း တွေ့ရှိရသည်။

အစိုးရအနေဖြင့် အိမ်ထောင်စုများအပြင် ဆေးရုံများ၊ ကျောင်းများနှင့် အခြားအရေးကြီးသောအဖွဲ့အစည်းများကဲ့သို့သောမရှိမဖြစ်လိုအပ်သည့် ဝန်ဆောင်မှုကဏ္ဍများအတွက် လောင်စာဆီထောက်ပံ့မှုများကို ဦးစား ပေးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဘီဟာ(Bihar)၊ ဒေလီ(Delhi)၊ ဟာရီယာနာ(Haryana)နှင့် ရာဂျပ်စသန် (Rajasthan)အပါအဝင်ပြည်နယ်နှင့်ပြည်ထောင်စုနယ်မြေအများအပြား သည် ဗဟိုအစိုးရ၏ လမ်းညွှန်ချက်များနှင့်အညီ အိမ်သုံးမဟုတ်သော LPG များအား စနစ်တကျခွဲဝေချထားပေးရန် ညွှန်ကြားချက်များ ထုတ်ပြန်ထားကြောင်းသိရသည်။ လောင်စာဆီများကို သိုလှောင်ခြင်းနှင့် မှောင်ခိုရောင်းချခြင်းများကို တားဆီးရန်အတွက် အရေးယူဆောင်ရွက်ရေးအဖွဲ့များက စစ်ဆေးမှုများကို တိုးမြှင့်လုပ်ဆောင်နေကြောင်း သိရသည်။

အန္ဒြာပရာဒေ့ရှ်(Andhra Pradesh)နှင့် ဘီဟာကဲ့သို့သောပြည်နယ်များတွင် ဝင်ရောက်စီးနင်းစစ်ဆေးမှုများလုပ်ဆောင်ခဲ့ပြီး နိုင်ငံပိုင်ရေနံချက်လုပ်ရောင်းချသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများသည်လည်း ဖြန့်ဖြူးမှုများချောမွေ့စေရန်အတွက် LPG အေဂျင်စီများသို့ ရှောင်တခင်ဝင်ရောက်စစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း PTI သတင်းဌာန၏ဖော်ပြချက်အရ သိရသည်။

နိုင်ငံတစ်ဝန်းတွင် ဓာတ်ဆီနှင့် ဒီဇယ်လက်ကျန်လုံလောက်စွာရှိကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့ပြီး စားသုံးသူများအနေဖြင့် စိုးရိမ်စိတ်ဖြင့် အလုအယက်ဝယ်ယူခြင်းများမပြုလုပ်ရန် ၎င်းတို့က တိုက်တွန်းပြောကြားခဲ့သည်။

အိန္ဒိယအလံလွှင့်ထူထားပြီးအိမ်သုံးလောင်စာဓါတ်ငွေ့(LPG)တင်ဆောင် လာသည့်Shivalik နှင့် Nanda Devi အမည်ရှိ သင်္ဘောနှစ်စင်းသည် ဟော်မုဇ်ရေလက်ကြား(Strait of Hormuz)ကို ယခုလ ၁၄ ရက် (စနေနေ့)နံနက်ပိုင်းတွင် အောင်မြင်စွာဖြတ်သန်းနိုင်ခဲ့ကြောင်း ဆိပ်ကမ်း၊ သင်္ဘောနှင့် ရေကြောင်းပို့ဆောင်ရေးဝန်ကြီးဌာန၏ အထူးအတွင်းဝန် Rajesh Kumar Sinha က ပြောကြားခဲ့သည်။ အဆိုပါ သင်္ဘောများသည် အိန္ဒိယနိုင်ငံသို့ ယခုလ ၁၆ ရက်နှင့် ၁၇ ရက်နေ့များတွင်ဆိုက်ရောက်မည်ဟု ၎င်းက ပြောကြားခဲ့ကြောင်း ET Energy World သတင်းဌာနက ယခုလ ၁၅ ရက်က ဖော်ပြသော သီးခြား သတင်းတစ်ပုဒ်အရ သိရသည်။

Ref:         1) ET Energy World, West Asia crisis: LPG bookings drop to 77 lakh as govt says fuel supplies stable, March 16, 2026.

               2) ET Energy World, Two Indian LPG carriers head to India after crossing Hormuz strait, March 15, 2026.

(ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: International News