International News

အိန္ဒိယနိုင်ငံသည် အီရန်ပဋိပက္ခနှင့် အယ်လ်နီညို(El Nino)ခန့်မှန်းချက်များကြောင့် ၎င်း၏ ပဲမျိုးစုံ အကောက်ခွန်လွတ်တင်သွင်းခွင့်ကို မတ်လ ၃၁ ရက်နေ့နောက်ပိုင်းတွင် ထပ်မံသက်တမ်းတိုးဖွယ်ရှိနေ

Last Updated:

ယခုနှစ်အတွင်း အယ်လ်နီညို(El Nino)ဖြစ်ပေါ်နိုင်သည့် ခန့်မှန်းချက်များနှင့် ပဋိပက္ခဖြစ်ပွားလျက်ရှိသော အနောက်အာရှဒေသ၏အကျိုးသက်ရောက်မှုများကြောင့် သယ်ယူပို့ဆောင်ရေးစရိတ်များမြင့်တက်နေသည့်ကြားမှ အိန္ဒိယအစိုးရသည် ပဲစင်းငုံ(tur)နှင့် မတ်ပဲ(urad)ကဲ့သို့သောပဲမျိုးစုံလုံလောက်စွာရရှိစေရန်အတွက် အကောက်ခွန်ကင်းလွတ် ခွင့်ဖြင့် တင်သွင်းခွင့်ပြုသည့်ကာလကို တိုးမြှင့်ဖွယ်ရှိကြောင်းသိရသည်။ ပဲစင်းငုံနှင့် မတ်ပဲတို့အတွက် အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့် တင်သွင်းနိုင်သည့်ကာလမှာ ယခုလ ၃၁ ရက်နေ့တွင် ကုန်ဆုံးမည်ဖြစ်သော်လည်း အိန္ဒိယနိုင်ငံတွင် အဆိုပါပဲအမျိုးအစားများလိုအပ်ချက်ရှိနေခြင်းကြောင့် သက်ဆိုင်သူများက သက်တမ်းတိုးရန်မျှော်လင့်နေကြကြောင်း The Hindu Businessline သတင်းဌာနက ယခုလ ၁၂ ရက်က ဖော်ပြထားသည်။

အစိုးရအနေဖြင့် အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့် တင်သွင်းခွင့်မူဝါဒကိုသက်တမ်းတိုးရန် တွန်းအားပေးနေသည့်အခြားအချက်တစ်ခုမှာ ဇွန်လအထိ လက်ရှိသီးနှံစိုက်ပျိုးရာသီအတွင်း ပြည်တွင်းထုတ်လုပ်မှု ကျဆင်းနေခြင်းဖြစ်သည်။ အစိုးရ၏ ဒုတိယအကြိမ်ကြိုတင်ခန့်မှန်းချက်များအရ ၂၀၂၅-၂၆ ဘဏ္ဍာနှစ်အတွင်း ပဲစင်းငုံထုတ်လုပ်မှုသည် ယခင်နှစ်က တန်ချိန် ၃၆ ဒသမ ၂၄ သိန်းရှိခဲ့ရာမှ ၄ ဒသမ ၆၆ ရာခိုင်နှုန်းလျော့နည်းကာ တန်ချိန် ၃၄ ဒသမ ၅၅ သိန်းသာရှိကြောင်းသိရသည်။ ထို့အတူ မတ်ပဲ ထုတ်လုပ်မှုမှာလည်း မိုးသီးနှံ(Kharif)ရာသီတွင် ၁၀ ဒသမ ၇ ရာခိုင်နှုန်းလျော့နည်းကာ တန်ချိန် ၁၂ ဒသမ ၀၆ သိန်း(ယခင်နှစ် ၁၃ ဒသမ ၄၁ သိန်း)နှင့် ဆောင်းသီးနှံ(Rabi)ရာသီတွင် ၈ ဒသမ ၁၄ ရာခိုင်နှုန်းလျော့နည်းကာ တန်ချိန် ၅ ဒသမ ၀၈ သိန်း(ယခင်နှစ် ၅ ဒသမ ၅၃ သိန်း)သာရှိခဲ့ကြောင်း သိရ သည်။

ပဋိပက္ခများဖြစ်ပွားနေသည့်ကြားမှ ရေနံဈေးနှုန်းများမြင့်တက်လာခြင်းကြောင့် သယ်ယူပို့ဆောင်ရေးနှင့် အာမခံစရိတ်များမြင့်တက်လာနိုင်သဖြင့် အစိုးရအနေဖြင့် ငွေကြေးဖောင်းပွမှုအပေါ် စိုးရိမ် လျက်ရှိကြောင်း၊ ကုန်စည်ထောက်ပံ့မှုများပြတ်တောက်ခြင်းမရှိနိုင်သော်လည်း သင်္ဘောလိုင်းများက စစ်ဘေးအန္တရာယ်အာမခံကြေး(War-risk premiums)များကို ပိုမိုကောက်ခံဖွယ်ရှိပြီး စုစုပေါင်းတင်သွင်းမှုစရိတ်ကိုမြင့်တက်စေနိုင်ကြောင်း၊ ရူပီးငွေတန်ဖိုးကျဆင်းခြင်းသည်လည်း ကုန်ကျစရိတ်များမြင့်တက်စေသည့်အချက်တစ်ခုဖြစ်ကြောင်း၊ ထုပ်ပိုးမှုစရိတ်များပင်လျှင် မြင့်တက်လာခဲ့ပြီး PP(polypropylene)အိတ်ဈေးနှုန်းများသည် တစ်ပတ်အတွင်း ၁၁ ရူပီး မှ ၂၃ ရူပီးအထိ နှစ်ဆတိုးလာကာ တစ်တန်လျှင် ကုန်ကျစရိတ် ၂၅၀ ရူပီးခန့်မြင့်တက်လာစေကြောင်းနှင့် အဆိုပါမရေရာမှုများနှင့် အိန္ဒိယနိုင်ငံတွင် ပဲမျိုးစုံလိုအပ် ချက်ရှိနေသည့်အချက်များကြောင့် အစိုးရအနေဖြင့် တင်သွင်းမှုကို ကန့်သတ်ခြင်းမှရှောင်ကြဉ်သင့်ပြီး ကုန်စည်များဆက်လက်ဝင်ရောက် လာစေရန် ဆောင်ရွက်သင့်ကြောင်း အိန္ဒိယပဲမျိုးစုံနှင့် နှံစားသီးနှံအသင်း (India Pulses and Grains Association)၏ဥက္ကဋ္ဌ Bimal Kothari က ပြောကြားခဲ့သည်။ ၎င်းက ဆက်လက်၍ အိန္ဒိယနိုင်ငံအနေဖြင့် ပဲမျိုးစုံလိုအပ်ချက်ရှိနေဆဲဖြစ်ကြောင်း လည်း ဖြည့်စွက်ပြောကြားခဲ့သည်။

ပြည်တွင်းဈေးနှုန်းများ တည်ငြိမ်လျက်ရှိ

ပဲစင်းငုံနှင့် မတ်ပဲတင်သွင်းမှုများမှာ အကောက်ခွန်ကင်းလွတ်ခွင့်ရရှိထားသော်လည်း ကုလားပဲ(Chana)နှင့် ပဲနီလေး(Masur)ကဲ့သို့သောပဲမျိုးစုံတင်သွင်းမှုအပေါ် အကောက်ခွန် ၁၀ ရာခိုင်နှုန်းနှင့် စားတော်ပဲ (Yellow peas) အပေါ် ၃၀ ရာခိုင်နှုန်းကောက်ခံလျက်ရှိကြောင်း သိရသည်။ အဆိုပါမူဝါဒသည် ပြည်တွင်းဈေးကွက်၌ ပဲဈေးနှုန်းအားလုံးကို တည်ငြိမ်စေခဲ့သောကြောင့် အစိုးရအနေဖြင့် ယင်းမူဝါဒကိုသာ ဆက်လက်ကျင့်သုံးလိမ့်မည်ဟု ပဲကုန်သွယ်မှုလောကက မျှော်လင့်နေကြောင်း Kothari က ပြောကြားခဲ့သည်။ ထို့ပြင် ပြည်တွင်း၌ ကုလားပဲနှင့် ပဲနီလေးအထွက်နှုန်းကောင်းမွန်သောကြောင့် အစိုးရအနေဖြင့် ယခုအခွင့်အရေးကိုအသုံးပြု၍ ခိုင်မာသော အရန်ရိက္ခာ(Buffer stocks)များ တည်ဆောက်ထားသင့်ကြောင်း ၎င်းက အကြံပြုပြောကြားခဲ့သည်။

အိန္ဒိယပဲမျိုးစုံနှင့် နှံစားသီးနှံအသင်း(IPGA)၏အတွင်းရေးမှူး Satish Upadhyay က ပဲမျိုးစုံ တင်သွင်းမှုမူဝါဒသက်တမ်းတိုးခြင်းကို လာမည့်ရက်သတ္တပတ်အတွင်း ထုတ်ပြန်ဖွယ်ရှိကြောင်းပြောကြားခဲ့သည်။ ကမ္ဘာ့မိုးလေဝသအဖွဲ့(World Meteorological Department)က ခန့်မှန်းထားသည့်အတိုင်း အိန္ဒိယနိုင်ငံ၏ရာသီဥတုအခြေအနေသည် အယ်လ်နီညိုဖြစ်ပေါ်ရန်နှင့်မုတ်သုံမိုးအပေါ် သက်ရောက်မှုရှိရန် အလားအလာမြင့်မားနေသဖြင့် ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်နိုင်ရန်အလို့ငှာ အစိုးရအနေဖြင့် အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့် တင်သွင်းခွင့်ကို ဆက်လက်ခွင့်ပြုသင့်ကြောင်း ၎င်းက ပြောကြား ခဲ့သည်။

သက်တမ်းတိုးရန် မျှော်လင့်

ပြည်တွင်းထုတ်လုပ်မှုသည် ယခင်နှစ်ထက် လျော့နည်းနေသဖြင့် အစိုးရသည် ပဲစင်းငုံနှင့် မတ်ပဲတို့၏အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့် တင်သွင်းမှုကိုသက်တမ်းတိုးရန် အလားအလာရှိကြောင်း IGrain India မှ Rahul Chauhan က ပြောကြားခဲ့သည်။ အခြားပဲမျိုးစုံ၏ဈေးနှုန်းများမှာ ထိန်းချုပ်နိုင်သည့် အခြေအနေတွင်ရှိသဖြင့် ၎င်းတို့အပေါ် ကောက်ခံနေသည့် အကောက်ခွန်ဖွဲ့စည်းပုံမှာမူ ပြောင်းလဲမှုရှိမည်မဟုတ်ကြောင်း ၎င်းက သုံးသပ်ပြောကြားခဲ့သည်။

ပြည်တွင်း၌ သီးနှံရရှိနိုင်မှုအခြေအနေမှာ များစွာကောင်းမွန်မှုမရှိသော ကြောင့် အစိုးရအနေဖြင့် ပဲစင်းငုံနှင့် မတ်ပဲတို့အား အကန့်အသတ်မဲ့တင်သွင်းခွင့်ပြုခြင်း(OGL imports)ကို ယခုလ ၃၁ ရက်နောက်ပိုင်းအထိ သက်တမ်းတိုးပေးသင့်ကြောင်း ချန်နိုင်းမြို့အခြေစိုက်တင်သွင်းသူတစ်ဦးဖြစ်သည့် Four P International မှ မန်နေဂျင်းဒါရိုက်တာ B Krishnamurthy က ပြောကြားခဲ့သည်။ လုပ်ငန်းရှင်များမှာ အဆိုပါ အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့် တင်သွင်းမှုကို သက်တမ်းတိုးမည့်အချိန်အား မျှော်လင့်စောင့်ဆိုင်းလျက်ရှိကြကြောင်း ၎င်းက ပြောကြားခဲ့သည်။

၂၀၂၅ ခုနှစ် ပြက္ခဒိန်နှစ်အတွင်း အိန္ဒိယနိုင်ငံ၏ ပဲမျိုးစုံတင်သွင်းမှုသည် တန်ချိန် ၆၅ ဒသမ ၆၉ သိန်းသို့အနည်းငယ်ကျဆင်းခဲ့ပြီး ယခင်နှစ်တွင်မူ တန်ချိန် ၆၈ ဒသမ ၇၅ သိန်းရှိခဲ့ကြောင်းသိရသည်။ အဆိုပါကျဆင်းမှုမှာ စားတော်ပဲတင်သွင်းမှုလျော့နည်းသွားခြင်းကြောင့်ဖြစ်သော်လည်း မတ်ပဲ၊ ကုလားပဲ နှင့် ပဲစင်းငုံတို့အား ပြည်ပမှ ဝယ်ယူမှုမှာမူ ပိုမိုမြင့်တက်လာခဲ့ကြောင်း တွေ့ရှိရသည်။

Source:         The Hindu Businessline, India may extend duty-free pulses imports beyond March 31 on Iran war, El Nino possibility, March 12, 2026.

(ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: International News