၂၀၂၆ ခုနှစ် ပထမသုံးလပတ်အတွင်း ရုရှားနိုင်ငံ၏ စိုက်ပျိုးရေးနှင့် အစားအသောက်ထုတ်ကုန် တင်ပို့မှုများတွင် တိုးတက်မှုများဆက်လက်ဖြစ်ပေါ်ခဲ့ကြောင်း ရုရှားစိုက်ပျိုးရေးဆိုင်ရာအာဏာပိုင်ဖွဲ့များ၏ အချက် အလက်များအရ သိရသည်။
အဆိုပါကာလအတွင်း ငါးနှင့် ရေထွက်ကုန်များ၊ အသားနှင့် အသား ထွက်ကုန်များ၊ ဟင်းသီးဟင်းရွက်များ၊ သစ်သီးဝလံများနှင့် အခွံမာသီးများတင်ပို့မှုသည် ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက တိုးတက်လာခဲ့သည်။ ယင်းတိုးတက်မှုသည် ရုရှားနိုင်ငံ၏စိုက်ပျိုးရေးထုတ်လုပ်မှုတိုးမြင့်လာခြင်း၊ နိုင်ငံတကာဈေးကွက်များသို့ ဝင်ရောက်နိုင်မှုတိုးချဲ့လာခြင်းနှင့် အာရှ၊ အရှေ့အလယ်ပိုင်းနှင့် အခြားဒေသများသို့ ကုန်သွယ်ရေးဆက်ဆံမှုတိုးတက်လာခြင်းတို့ကြောင့်ဖြစ်သည်။
အထူးသဖြင့် ကြက်သားတင်ပို့မှုသည် နိုင်ငံခြားဈေးကွက်များတွင် ဝယ်လိုအားကောင်းမွန်ခဲ့ပြီး၊ တရုတ်၊ ကာဇက်စတန်နှင့် ဆော်ဒီအာရေဗျတို့သည် ရုရှားကြက်သား၏ အဓိကဝယ်ယူသူနိုင်ငံများအဖြစ်ရပ်တည်ခဲ့သည်။ ရုရှားထုတ်လုပ်သူများသည် အာရှနှင့် အရှေ့အလယ်ပိုင်းဈေးကွက်များသို့ အသားထုတ်ကုန်တင်ပို့မှုကို ပိုမိုချဲ့ထွင်လာလျက်ရှိသည်။
ထို့အပြင် အာလူးတင်ပို့မှုမှာလည်း သိသိသာသာတိုးတက်ခဲ့ပြီး ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၇ ဆကျော်မြင့်တက်ခဲ့ကြောင်းသိရသည်။ ယင်းသည် ရုရှားနိုင်ငံ၏ဟင်းသီးဟင်းရွက်ထုတ်လုပ်မှုတိုးတက်လာခြင်းနှင့် နိုင်ငံခြားဈေးကွက်များတွင် ဝယ်လိုအားမြင့်တက်လာခြင်းကို ဖော်ပြနေသည်။
ရုရှားအစိုးရသည် စိုက်ပျိုးရေးထုတ်ကုန်တင်ပို့မှုကို နိုင်ငံခြားကုန်သွယ် ရေး၏ အရေးကြီးသောကဏ္ဍတစ်ခုအဖြစ် သတ်မှတ်ထားပြီး၊ သီးနှံများသာမက အသား၊ ငါး၊ နို့ထွက်ပစ္စည်းနှင့်ပြုပြင်ထုတ်လုပ်ထားသော စားသောက်ကုန်များတင်ပို့မှုကိုလည်း တိုးမြှင့်ရန်ဆောင်ရွက်လျက်ရှိသည်။
၂၀၂၆ ခုနှစ် ပထမသုံးလပတ်အတွင်း ဖြစ်ပေါ်ခဲ့သည့် တင်ပို့မှုတိုးတက်မှုများသည် ရုရှားနိုင်ငံ၏စိုက်ပျိုးရေးကဏ္ဍသည် ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေးအပြင် ကမ္ဘာ့အစားအသောက်ဈေးကွက်တွင်လည်း ပိုမိုအရေးပါလာနေကြောင်း ပြသနေသည်။
Source : https://www.gfs.gov.ru
(အောင်ဖြိုးထွဋ်၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)