ရုရှားဖက်ဒရယ်စာရင်းအင်းဝန်ဆောင်မှု(Rosstat)၏အချက်အလက်များအရ ၂၀၂၆ ခုနှစ် ဇူလိုင် ၇ ရက်မှ ၁၃ ရက်အထိကာလအတွင်း နိုင်ငံအတွင်း အစားအသောက်ဈေးနှုန်းများတွင် အပြောင်းအလဲများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
အဆိုပါကာလအတွင်း ကြက်သားဈေးနှုန်းသည် ၂.၀ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး၊ သကြားဈေးနှုန်းသည် ၁.၈ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။ ယင်းမြင့်တက်မှုသည် ရုရှား ၏အစားအသောက်ဈေးကွက်အတွင်း ထုတ်လုပ်မှုကုန်ကျစရိတ်၊ ထောက်ပံ့ပို့ဆောင်ရေးစရိတ်များနှင့် ရာသီအလိုက် ဝယ်လိုအားပြောင်းလဲမှုများနှင့် ဆက်စပ်နေသည်ဟု သုံးသပ်နိုင်သည်။
တစ်ဖက်တွင် အချို့သောစားသောက်ကုန်များ၏ ဈေးနှုန်းများမှာ ကျဆင်းမှုများလည်းတွေ့ရှိခဲ့သည်။ အထူးသဖြင့် ကြက်ဥဈေးနှုန်းသည် ၁.၃ ရာခိုင်နှုန်းလျော့ကျခဲ့ပြီး၊ သခွားသီး၊ ခရမ်းချဉ်သီးနှင့်အခြားဟင်းသီးဟင်းရွက်အချို့၏ဈေးနှုန်းများလည်း ကျဆင်းခဲ့ကြောင်း Rosstat ၏စာရင်းများအရ သိရသည်။
ရုရှားနိုင်ငံတွင် အစားအသောက်ဈေးနှုန်းများကို အစိုးရက အနီးကပ်စောင့်ကြည့်လျက်ရှိပြီး၊ အထူးသဖြင့် ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေးနှင့် စားသုံးသူဈေးကွက်တည်ငြိမ်ရေးသည် စိုက်ပျိုးရေးမူဝါဒ၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ် သည်။ ကြက်သား၊ သကြား၊ နို့ထွက်ပစ္စည်း၊ အသားနှင့် အခြားအခြေခံစားသောက် ကုန်များ၏ ဈေးနှုန်းလှုပ်ရှားမှုများကို Rosstat က အပတ်စဉ်နှင့် လစဉ်စာရင်းများအဖြစ် ထုတ်ပြန်လျက်ရှိသည်။
Source : : https://rosstat.gov.ru
(အောင်ဖြိုးထွဋ်၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)