International News

ဂျပန်နိုင်ငံမှ ရေထွက်ပစ္စည်းများတင်သွင်းမှုကို ရုရှားနိုင်ငံမှ ရပ်ဆိုင်းသွားမည်

Last Updated:

ဖူကူရှီးမားနျူကလီးယားဓာတ်အားပေးစက်ရုံမှ သန့်စင်ပြီးရေဒီယိုသတ္တိကြွရေများကို ပင်လယ်ထဲသို့ စွန့်ပစ်မှုကြောင့်ဖြစ်ပေါ်လာသည့် သက်ရောက်မှုများကို ကြိုတင်ကာကွယ်ရန်အတွက် ရုရှားနိုင်ငံအနေဖြင့် ဂျပန်နိုင်ငံမှ ရေထွက်ကုန်များတင်သွင်းမှုကို ကန့်သတ်သွားမည်ဖြစ်ကြောင်း ၁၆-၁၀-၂၀၂၃ က ရုရှားအာဏာပိုင်များက ထုတ်ပြန်ခဲ့ပြီးနောက် ဂျပန်နိုင်ငံတွင် ဆန့်ကျင်ဆန္ဒပြမှုများဖြစ်ပေါ်လျက်ရှိကြောင်း ဖော်ပြခဲ့ပါသည်။

အဆိုပါသတင်းတွင် ဂျပန်နိုင်ငံမှ ငါးနှင့်ပင်လယ်စာများတင်သွင်းမှုကို တရုတ်နိုင်ငံမှ ယာယီအားဖြင့်  ကန့်သတ်ထားခြင်းတွင် ရုရှားနိုင်ငံအနေ ဖြင့်လည်း ပါဝင်သွားမည်ဖြစ်ကြောင်း The Russian Federal Service for Veterinary and Phytosanitary Surveillance မှ ထုတ်ပြန်ခဲ့ကြောင်း ဖော်ပြထားပါသည်။ ထိုသို့ထုတ်ပြန်ခဲ့သည့်နေ့၌ပင် ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ရုရှားနိုင်ငံ၏ဆောင်ရွက်မှုသည် သိပ္ပံနည်းကျ အကြောင်းပြချက်ကင်းမဲ့လျက်ရှိခြင်းကြောင့် စိတ်ပျက်ဖွယ်ရာဖြစ်ကြောင်းနှင့် ကန့်သတ်ချက်ကို ရုတ်သိမ်းပေးရန် ပြင်းပြင်းထန်ထန်တောင်းဆိုခဲ့ကြောင်း ဖော်ပြထားပါသည်။

ရုရှားအစိုးရအနေဖြင့် ဂျပန်နိုင်ငံရေထွက်ပစ္စည်းများတင်သွင်းမှုကို ပိတ်ပင်မှုမှာ ၁၆-၁၀-၂၀၂၃ ရက်နေ့တွင် အသက်ဝင်ခဲ့ပြီးဖြစ်ကြောင်းနှင့် ဂျပန်နိုင်ငံမှ ရေထွက်ကုန်များမှာ ရုရှားနိုင်ငံနှင့် ဥရောပအာရှစီးပွားရေးသမဂ္ဂ(EAEU)တို့၏ ဘေးကင်းလုံခြုံမှုဆိုင်ရာစံသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိကြောင်း အတည်ပြုနိုင်သည့်ကာလအထိ ကန့်သတ်သွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ရုရှားစိုက်ပျိုးရေးဝန်ကြီး၏အမှုဆောင်အဖွဲ့အနေဖြင့် ဂျပန်နိုင်ငံမှ ရေထွက်ပစ္စည်းများတွင် ရေဒီယိုသတ္တိများပါဝင်လာနိုင်မှုကို စိုးရိမ်သည့် အတွက် တရုတ်နိုင်ငံကဲ့သို့ ဂျပန်နိုင်ငံမှ ရေထွက်ပစ္စည်းများတင်သွင်းမှုကို ကန့်သတ်သွားရန် စဉ်းစားလျက်ရှိကြောင်း စက်တင်ဘာလက ကြေညာခဲ့ပါသည်။ ဂျပန်အစိုးရအနေဖြင့် ယခုလအစောပိုင်းတွင် Rosselkhoznadzor ဟုခေါ်သည့် အဆိုပါအဖွဲ့ကို Video Conferencing စနစ်ဖြင့် တွေ့ဆုံခဲ့ပြီး Tritium ပါဝင်သည့် ရေဒီယိုသတ္တိကြွပစ္စည်းများကို စမ်းသပ်ခြင်းနှင့် လုံခြုံမှုရှိ-မရှိစစ်ဆေးဆောင်ရွက်သွားမည့်နည်းလမ်း များကို ရှင်းလင်းပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။

ပြင်းထန်သည့် ငလျင်နှင့် ဆူနာမီတို့ကြောင့် ၂၀၁၁ ခုနှစ်တွင် ပျက်စီးခဲ့သည့် ဖူကူရှီးမားနျူကလီးယားဓာတ်အားပေးစက်ရုံမှ ထွက်ရှိလာသည့်ရေများကိုစွန့်ပစ်ခြင်းမှာ နိုင်ငံတကာဘေးကင်းလုံခြုံရေးဆိုင်ရာစံနှုန်းများနှင့် ကိုက်ညီကြောင်း နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ(IAEA)က ဇူလိုင်လတွင် ဆုံးဖြတ်ခဲ့ပြီးနောက် ဩဂုတ်လနှောင်းပိုင်းတွင်စတင်၍ ပင်လယ်ထဲသို့ စွန့်ပစ်ခဲ့ကြောင်း၊ ထိုသို့ပထမအကြိမ်စွန့်ပစ်မှုစတင်ခဲ့ပြီးနောက် တရုတ်နိုင်ငံအနေဖြင့် ဂျပန်နိုင်ငံမှ ရေထွက်ကုန်များတင်သွင်းမှုအားလုံးကို ပိတ်ပင်ခဲ့ကြောင်း၊ တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံရှိ ဒေသခံတံငါသည်များအပါအဝင် အချို့သောနိုင်ငံများက စိုးရိမ်မှုများထုတ်ဖော်ခဲ့ကြသော်လည်း အောက်တိုဘာလအစောပိုင်းတွင် ဒုတိယအကြိမ်အဖြစ် ပင်လယ်ထဲသို့ ထပ်မံစွန့်ပစ်ခဲ့ကြောင်း ဖော်ပြထားပါသည်။

ရုရှားအစိုးရမှ ထုတ်ပြန်ထားသည့် အချက်အလက်များအရ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်နေ့အထိ ဂျပန်နိုင်ငံအနေဖြင့် ရုရှားနိုင်ငံသို့ ရေထွက်ပစ္စည်းတန်ချိန်စုစုပေါင်း ၁၁၈ တန်တင်ပို့ခဲ့ကြောင်း ဖော်ပြထားပါသည်။

သုံးသပ်တင်ပြချက်

ဂျပန်နိုင်ငံအနေဖြင့် ရုရှားနိုင်ငံသို့ မော်တော်ယာဉ်နှင့် မော်တော်ယာဉ်အပိုပစ္စည်းများ၊ ဘက်စ်ကားနှင့် ထရပ်ကားများ အများဆုံးတင်ပို့လျက်ရှိပြီး၊ ဂျပန်နိုင်ငံအနေဖြင့် ရုရှားနိုင်ငံမှ LNG ၊ ကျောက်မီးသွေး၊ ငါး၊ သံနှင့်စတီးပစ္စည်းများ အများဆုံးတင်သွင်းလျက်ရှိပါသည်။ ဂျပန်နိုင်ငံအနေ ဖြင့် ၂၀၂၂ ခုနှစ်တွင် ယန်း ၂၈၀ သန်းတန်ဖိုးရှိ ရေထွက်ကုန်များကို ရုရှားနိုင်ငံသို့ တင်ပို့ခဲ့ပြီး ယန်း ၁၅၅.၂ ဘီလီယံတန်ဖိုးရှိ ရေထွက်ကုန်များကို ရုရှားနိုင်ငံမှ တင်သွင်းခဲ့ပါသည်။

ဂျပန်နိုင်ငံ၏ ရေလုပ်ငန်းကဏ္ဍအတွက် အကြီးဆုံးဈေးကွက်မှာ တရုတ်နိုင်ငံဖြစ်ပြီး ၂၀၂၂ ခုနှစ်၌ ဂျပန်နိုင်ငံမှ တရုတ်နိုင်ငံသို့ ရေထွက်ပစ္စည်းများတင်ပို့မှုမှာ ဂျပန်နိုင်ငံမှ စုစုပေါင်းတင်ပို့မှု၏ ၂၈ ရာခိုင်နှုန်းရှိခဲ့သည်ကို တွေ့ရှိရပါသည်။ ၂၀၂၂ ခုနှစ်တွင် ဂျပန်နိုင်ငံမှ ရုရှားနိုင်ငံသို့ရေထွက် ကုန်များတင်ပို့မှုမှာ ရေထွက်ကုန်စုစုပေါင်းတင်ပို့မှု၏ ၀.၁ ရာခိုင်နှုန်းသာရှိကြောင်း တွေ့ရှိရပါသည်။ ဂျပန်နိုင်ငံ၏ရေထွက်ပစ္စည်းထုတ်လုပ်မှု ၏သုံးပုံတစ်ပုံနီးပါးကို ကိုယ်စားပြုလျက်ရှိသည့် တရုတ်နိုင်ငံအနေဖြင့် ဂျပန်နိုင်ငံမှ ရေထွက်ကုန်များအားလုံးကို တင်သွင်းမှုပိတ်ပင်ခဲ့ခြင်းကြောင့် ဂျပန်နိုင်ငံ၏ရေလုပ်ငန်းကဏ္ဍအပေါ် များစွာဆိုးကျိုးသက်ရောက်မှုများဖြစ်ပေါ်ခဲ့သော်လည်း ရုရှားနိုင်ငံမှ ဂျပန်နိုင်ငံ၏ ရေထွက်ကုန်များတင်ပို့မှုကို ကန့်သတ်ခဲ့ခြင်းကြောင့် ဂျပန်နိုင်ငံ၏ရေလုပ်ငန်းကဏ္ဍတွင် များစွာဆိုးကျိုးသက်ရောက်နိုင်မည်မဟုတ်ကြောင်း သုံးသပ်ရပါသည်။

Source:  The Japan Times (၁၆-၁၀-၂၀၂၃)

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

 

Category: International News