International News

အိန္ဒိယနိုင်ငံ ကော်လ်ကတ္တားဆိပ်ကမ်းသည် ရူပီး ၃၆၀ ဘီလီယံတန်ဖိုးရှိသော ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူညီမှုများကို လက်မှတ်ရေးထိုး

Last Updated:

အိန္ဒိယနိုင်ငံ၊ ကော်လ်ကတ္တားမြို့ရှိ Syama Prasad Mookherjee(SMP)ဆိပ်ကမ်း(မူလအမည်- ကော်လ်ကတ္တားဆိပ်ကမ်း)သည် ယခုလ ၁၇ ရက်နေ့က မွန်ဘိုင်းမြို့တွင် စတင်ကျင်းပပြုလုပ်ခဲ့သည့် ၂၀၂၃ ခုနှစ်၊ တတိယအကြိမ်မြောက် အိန္ဒိယနိုင်ငံ ကမ္ဘာလုံးဆိုင်ရာပင်လယ်ရေကြောင်း သွားလာမှုတွေ့ဆုံဆွေးနွေးပွဲအခမ်းအနား(The Global Maritime India Summit 2023)တွင် စုစုပေါင်း ရူပီး ၃၆၀ ဘီလီယံတန်ဖိုးရှိသော ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူညီမှုများကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း The Times of India သတင်းဌာနက ယခုလ ၁၈ ရက်နေ့တွင် ဖော်ပြသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲအခမ်းအနားတွင် SMP ၏ဥက္ကဌဖြစ်သူ Rathendra Raman က ပါဝင် တက်ရောက်လာသော ကုမ္ပဏီ၊ အဖွဲ့အစည်းအသီးသီးနှင့် နားလည်မှုစာချွန်လွှာ(၂၁)ခုကို လက်မှတ်ရေးထိုးခဲ့ကြောင်း ပြောကြားခဲ့သည်။ ၎င်းကုမ္ပဏီအဖွဲ့အစည်းများတွင် ဆိပ်ကမ်းချိတ်ဆက်မှု၊ ဆိပ်ကမ်းစွမ်းဆောင်ရည်မြှင့်တင်မှုနှင့် ၂၀၄၇ ခုနှစ် မျှော်မှန်းချက်၏တစ်စိတ်တစ်ပိုင်းဖြစ်သော စိမ်းလန်းသော စွမ်းအင်စီမံကိန်းများကဲ့သို့ နယ်ပယ်အသီးသီးရှိ အစိုးရဌာနများနှင့် ပုဂ္ဂလိကလုပ်ဖေါ်ကိုင်ဖက်များ ပါဝင်သည်ဟု ဆိုသည်။

၎င်းတို့ ဆိပ်ကမ်းနှင့်လက်မှတ်ရေးထိုးခဲ့သော နားလည်မှုစာချွန်လွှာများအနက် အစိုးရလျှပ်စစ်ဓါတ်အားပေးစက်ရုံ NTPC နှင့်ချုပ်ဆိုသော စိမ်းလန်းသောစွမ်းအင်နှင့် အမိုးနီးယားဓါတ်ငွေ့ထုတ်လုပ်မှုပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာနှင့် စိမ်းလန်းသော ပင်လယ်ရေကြောင်းသွားလာရေးယာဉ်များထုတ်လုပ်ရန် ကော်လ်ကတ္တားသင်္ဘောတည်ဆောက်ရေးနှင့်အင်ဂျင်နီယာကုမ္ပဏီ(Garden Reach Shipbuilders & Engineers Ltd- GRSE)နှင့်ချုပ်ဆိုသော နားလည်မှုစာချွန်လွှာများပါဝင်ကြောင်း သိရသည်။

ထို့အပြင် အဆိုပါအခမ်းအနားတွင် ပထမဦးဆုံအစိုးရနှင့် ပုဂ္ဂလိက ပူးတွဲလုပ်ကိုင်သောစီမံချက်(Public–Private Partnership-PPP Project) တစ်ခုဖြစ်သော SMP ဆိပ်ကမ်း၊ ကော်လ်ကတ္တားဆိပ်ခံစနစ်ရှိ ကစ်ဒါပိုးဆိပ်ခံ(Kidderpore Dock-KPD)အား အဆင့်မြှင့်တင်ရန် စီမံချက်ကို ဝန်ကြီးချုပ်နာရန်ဒရာမိုဒီက ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ PPP စီမံချက်သည် ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ရူပီး ၁ ဒသမ ၈၁ ဘီလီယံရှိပြီး ဆိပ်ကမ်း၏ စွမ်းဆောင်ရည်ကို တစ်နှစ်လျှင် ၄ ဒသမ ၅ မက်ထရစ်တန်အထိ တိုးမြှင့်ပေးနိုင်ရန် ကြီးမားသောကုန်တင်ကုန်ချယန္တရား(၆)ခု ပါဝင်တည်ဆောက်သွားမည်ဖြစ်ကြောင်း SMP ၏ ပြောရေး ဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

သုံးသပ်တင်ပြချက်

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့အထိ (၃) ရက်ကြာကျင်းပပြုလုပ်မည့် တတိယအကြိမ်မြောက် အိန္ဒိယနိုင်ငံ ကမ္ဘာလုံးဆိုင်ရာပင်လယ်ရေကြောင်းသွားလာမှုတွေ့ဆုံဆွေးနွေးပွဲအခမ်းအနား(The Global Maritime India Summit 2023)၏ပထမနေ့တွင်ပင် စုစုပေါင်း ရူပီး ၃ ဒသမ ၂၄ ထရီလီယံတန် သဘောတူညီမှု(၃၄)ခုကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း အိန္ဒိယဝန်ကြီးချုပ်နာရန်ဒရာမိုဒီက ၎င်း၏ ဗွီဒီယိုမိန့်ခွန်းတွင် ဖော်ပြခဲ့ပါသည်။

Syama Prasad Mookherjee(SMP)ဆိပ်ကမ်းခေါ် ကော်လ်ကတ္တားဆိပ်ကမ်းသည် အိန္ဒိယနိုင်ငံ၏ အကြီးဆုံးကုန်တင်ကုန်ချဆိပ်ကမ်းတစ်ခုဖြစ်ပြီး၊ ၂၀၂၂ ခုနှစ်၊ ဧပြီလ မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလအတွင်း မက်ထရစ်တန်ချိန် ၅၄ ဒသမ ၂၅၄ သန်းအထိ ကုန်တင်ကုန်ချလုပ်ငန်းများကို အများဆုံးကိုင်တွယ်ဆောင်ရွက်နိုင်ခဲ့ကြောင်း အိန္ဒိယအစိုးရက သတင်းထုတ်ပြန်ထားသည်။ ၎င်းသည် အိန္ဒိယနိုင်ငံ၏ အဓိကဆိပ်ကမ်း (၁၃)ခုအနက် အဆင့်(၆)တွင် ရပ်တည်လျက်ရှိကြောင်း သိရှိရပါသည်။

ထို့အပြင် ၎င်းသည် မြန်မာနိုင်ငံတွင် မကြာသေးမီကဖွင့်လှစ်ခဲ့သော စစ်တွေဆိပ်ကမ်းနှင့်ချိတ်ဆက်၍ ကုလားဒန်ဘက်စုံသွားလာရေးစီမံကိန်း ၏အဓိကဆက်သွယ်ရာဆိပ်ကမ်းလည်းဖြစ်သည့်အတွက် မြန်မာနိုင်ငံ၏ကုန်သွယ်မှုနှင့် ပင်လယ်ရေကြောင်းသွားလာရေးလုပ်ငန်းများတွင် များစွာအထောက်အကူပြုနိုင်ပါကြောင်း အဆိုပါဆိပ်ကမ်း၏ လတ်တလောဖွံ့ဖြိုးတိုးတက်မှုအခြေအနေများကို သိရှိနိုင်ရေး လေ့လာသုံးသပ်တင်ပြလိုက်ရပါသည်။

ရည်ညွှန်းချက်။ The Times of India သတင်းဌာန၊ “Kolkata Port inks 21 MoUs in ₹36,000cr deal”၊ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်။

(ကောင်းထွဋ်‌အောင်၊  စီးပွား‌ရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: International News