International News

သွင်းကုန်ခွန်အချို့ချမှတ်ထားခြင်းအား အဆုံးသတ်ကြောင်းနှင့်ပတ်သက်သည့် သမ္မတအမိန့်နှင့် နိုင်ငံတကာငွေပေးချေမှုဆိုင်ရာ အခြေခံပြဿနာများကိုဖြေရှင်းရန် ယာယီသွင်းကုန်ခွန်များချမှတ်ကြောင်း ထုတ်ပြန်ခဲ့

Last Updated:

အမေရိကန်တရားရုံးချုပ်(Supreme Court of the United States)က သမ္မတဒေါ်နယ်ထရမ့်သည် ၁၉၇၇ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအရေးပေါ်စီးပွားရေးအခွင့်အာဏာအက်ဥပဒေ(International Emergency Economic Powers Act, IEEPA)အရ သွင်းကုန်ခွန်ချမှတ်ခြင်းသည် သမ္မတ၏အခွင့်အာဏာကို ကျော်လွန်အသုံးပြုခြင်းဖြစ်ကြောင်း ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်၊ နံနက်ပိုင်းတွင် ဆုံးဖြတ်ချက်ချမှတ်ခဲ့ပြီးနောက် ယင်းနေ့ညနေပိုင်းတွင် သမ္မတထရမ့်သည် အမေရိကန်နိုင်ငံက ချမှတ်ထားသည့် သွင်းကုန်ခွန်အချို့ချမှတ်ထားခြင်းအား အဆုံးသတ်ခြင်း(Ending Certain Tariff Actions)သမ္မတ အမိန့်ကို ထုတ်ပြန်ခဲ့ပါသည်။အဆိုပါအမိန့်တွင် အမေရိကန်နိုင်ငံက မြန်မာနိုင်ငံအပါအဝင် ကုန်သွယ်ဖက်နိုင်ငံများအပေါ်အပြန်အလှန်သွင်းကုန်ခွန် ချမှတ်ခဲ့သော ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂ ရက်တွင် ထုတ်ပြန်ခဲ့သည့် သမ္မတအမိန့်အမှတ် ၁၄၂၅၇ ၊ အမေရိကန်နိုင်ငံ၏ ကုန်စည်ကုန်သွယ်ရေးတွင် နှစ်အလိုက် ကုန်သွယ်မှုလိုငွေအများအပြားဖြစ်ပေါ်လျက်ရှိခြင်းကို အထောက်အပံ့ပြုသည့် ကုန်သွယ်ရေးဆိုင်ရာ အလေ့အကျင့်များပြဋ္ဌာန်းရန် သွင်းကုန်များအပေါ် အပြန်အလှန်သွင်းကုန်ခွန်ချမှတ်ခြင်း(Executive Order 14257, Regulating Imports with a Reciprocal Tariff to Rectify Trade Practices that Contribute to Large and Persistent Annual United States Goods Trade Deficits)နှင့် ယင်းကို ပြင်ဆင်ချက်အမိန့်များသည် သက်ရောက်မှုရှိတော့မည်မဟုတ်ကြောင်းနှင့် သွင်းကုန်ခွန်များကောက်ခံမှု ပြုတော့မည်မဟုတ်ကြောင်း၊ သက်ဆိုင်ရာအေဂျင်စီ ခေါင်းဆောင်များအနေဖြင့် ယခုသမ္မတအမိန့်အား ချက်ချင်းအကောင် အထည်ဖော်၍ ကောက်ခံလျက်ရှိသည့် သွင်းကုန်ခွန်များကို ရပ်ဆိုင်းရန်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါသည်။

တစ်ဆက်တည်းတွင် အမေရိကန်နိုင်ငံသားများ၊ စိုက်ပျိုးရေးလုပ်ငန်းများနှင့် ကုန်ထုတ်လုပ်သူများကိုအကျိုးရှိစေမည့် ကုန်သွယ်ရေးဆိုင်ရာ ဆက်ဆံရေးများကို ပြန်လည်ဘက်မျှအောင် ဆောင်ရွက်လျက်ရှိသော အစိုးရ၏လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နိုင်ရေးနှင့် နိုင်ငံတကာငွေပေးချေမှုဆိုင်ရာ အခြေခံပြဿနာများကိုဖြေရှင်းရန် ယာယီသွင်းကုန် ခွန်များချမှတ်ခြင်း(Imposing a temporary import surcharge to address fundamental international payments problem) ကြေညာချက်ကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်တွင် အမေရိကန်သမ္မတအိမ်ဖြူတော်က ထုတ်ပြန်ခဲ့ပါသည်။  အဆိုပါထုတ်ပြန်ချက်ပါအချက်အလက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

          (က)    ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်(အမေရိကန် အရှေ့ပိုင်းစံတော်ချိန် ၀၀:၀၁ နာရီ)မှစ၍ ရက်ပေါင်း(၁၅၀)အထိ အမေရိကန်နိုင်ငံသို့တင်သွင်းသည့် သွင်းကုန်များအပေါ် သွင်းကုန်ခွန်(၁၀) ရာခိုင် နှုန်းကောက်ခံမည်ဖြစ်ကြောင်း၊

          (ခ)     အမေရိကန်စီးပွားရေးအတွက် လိုအပ်သည့်ကုန်စည်များဖြစ်သော အရေးပါသည့် တွင်းထွက်သတ္တု၊ သဘာဝသယံဇာတ၊ စိုက်ပျိုး ရေးထုတ်ကုန်အချို့နှင့်ဆေးဝါးအမျိုးမျိုး၊ လျှပ်စစ်ပစ္စည်း၊ ခရီးသည်တင်ယာဉ်စသည်တို့အပါအဝင် သွင်းကုန်အချို့ကို ယာယီသွင်းကုန်ခွန်ကောက်ခံမည်မဟုတ်ကြောင်း၊

          (ဂ)     ၁၉၆၂ ခုနှစ်၊ ကုန်သွယ်ရေးတိုးချဲ့မှုအက်ဥပဒေ(Trade Expansion Act of 1962) ပုဒ်မ ၂၃၂ အရ လက်ရှိချမှတ်ထားသော သို့မဟုတ် နောင်ချမှတ်မည့် သွင်းကုန်များနှင့် ယင်းနှင့်ဆက်စပ်ပစ္စည်းများ၊ အမေရိကန်-မက္ကဆီကို-ကနေဒါကုန်သွယ်ရေးသဘောတူညီချက် အောက်တွင်အကျုံးဝင်သည့်ကုန်ပစ္စည်းများ၊ ဒိုမီနီကန်သမ္မတနိုင်ငံ-ဗဟိုအမေရိကလွတ်လပ်စွာကုန်သွယ်ရေးသဘောတူစာချုပ်(Dominican Republic – Central America Free Trade Agreement)အောက်ရှိ ကော့စတာရီကာ၊ ဒိုမီနီကန်သမ္မတနိုင်ငံ၊ အယ်လ်ဆာဗေဒေါ၊ ဂွာတီမာလာ၊ ဟွန်ဒူးရပ်စ်၊ နီကာရာဂွာနိုင်ငံတို့မှ သွင်းကုန်ခွန်ကင်းလွတ်ခွင့်ဖြင့်ဝင်ရောက်လျက်ရှိသည့် အထည်အလိပ်နှင့် အဝတ်အထည်များသည် ယာယီသွင်းကုန်ခွန်ကျသင့်မည်မဟုတ်ကြောင်း၊

          (ဃ)    ထို့အပြင် သမ္မတထရမ့်က အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ်(USTR)ရုံးအား အမေရိကန်နိုင်ငံ၏ ကူးသန်းရောင်းဝယ် ရေးကို အဟန့်အတားဖြစ်စေသည့် ခွဲခြားဆက်ဆံလျက်ရှိသော အမူ အကျင့်များ၊ မူဝါဒများနှင့် အလေ့အကျင့်များကို ၁၉၇၄ ခုနှစ်၊ ကုန်သွယ် ရေးအက်ဥပဒေ(Trade Act of 1974)၊ ပုဒ်မ ၃၀၁ အရ စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် ညွှန်ကြားကြောင်း။

ထို့အပြင် တန်ဖိုးနည်းသွင်းကုန်များ(De Minimis)အပေါ် ကောက်ခံသည့်သွင်းကုန်ခွန်အား ဆက်လက်ဆိုင်းငံ့ကြောင်း သမ္မတအမိန့်ကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်တွင် သီးခြားထုတ်ပြန်ခဲ့ပြီး ယင်းသွင်းကုန်များသည် ၁၉၆၂ ခုနှစ်၊ကုန်သွယ်ရေးတိုးချဲ့မှုအက်ဥပဒေ၊ ပုဒ်မ ၁၂၂ အောက်ရှိ ယာယီသွင်းကုန်ခွန်ကျသင့်မည်ဖြစ်ကြောင်းဖြင့် ပြန်လည်ပြင်ဆင်ခဲ့ပါသည်။    

အမေရိကန်နိုင်ငံက အပြန်အလှန်သွင်းကုန်ခွန်များကောက်ခံမှု အဆုံး သတ်လိုက်ပြီး ယာယီသွင်းကုန်ခွန်(၁၀)ရာခိုင်နှုန်းသာ ကောက်ခံတော့မည်ဟု ကြေညာခဲ့သည့်အတွက် မြန်မာ့ပို့ကုန်များအပေါ် ယခင်ကသွင်းကုန်ခွန်(၄၀)ရာခိုင်နှုန်းကောက်ခံရန်ချမှတ်ထားခဲ့သော်လည်း ယခုကြေညာချက်များအရ ယာယီသွင်းကုန်ခွန်(၁၀)ရာခိုင်နှုန်းသာ ကျသင့်တော့မည်ဖြစ်ပါသည်။

https://www.whitehouse.gov/presidential-actions/2026/02/continuing-the-suspension-of-duty-free-de-minimis-treatment-for-all-countries/

(ခင်ဆွေဦး၊ စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)

Category: International News