International News

ကိုရီးယားကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးအေဂျင်စီသည် ပြည်ပနိုင်ငံများတွင် ကိုရီးယားလူသုံးကုန်ပစ္စည်းများဖြန့်ဖြူးရောင်းချနိုင်မည့် မိတ်ဖက်ကိုယ်စားလှယ်များ တိုးမြှင့်သွားမည်ဖြစ်

Last Updated:

တောင်ကိုရီးယားနိုင်ငံထုတ် လူသုံးကုန်ပစ္စည်းများတင်ပို့မှုမြှင့်တင်ရန် ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအဖြစ် ကုန်စည်ဖြန့်ဖြူးရောင်းချရေးကိုယ်စားလှယ်များ(Distribution Channels)အရေအတွက်ကို ၃၃၀ ကျော်အထိတိုးမြှင့်သွားမည်ဖြစ်သည်ဟု ကိုရီးယားကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးအေဂျင်စီ(Korea Trade-Investment Promotion Agency- KOTRA) က ၁၉-၂-၂၀၂၆ ရက်နေ့တွင် ထုတ်ပြန် ကြေညာခဲ့ပါသည်။

၂၀၂၅ ခုနှစ်အတွင်း KOTRA သည် နိုင်ငံပေါင်း ၅၀ ရှိ ကုန်စည်ဖြန့်ဖြူးရောင်းချရေးကိုယ်စားလှယ်စုစုပေါင်း ၂၉၈ ဦးနှင့်ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။၂၀၂၆ ခုနှစ်အတွင်း နိုင်ငံပေါင်း ၆၀ တွင် ကုန်စည်ဖြန့်ဖြူးရောင်းချရေးကိုယ်စားလှယ်စုစုပေါင်း ၃၃၆ ဦးနှင့်ပူးပေါင်းကာ အဆိုပါနိုင်ငံများရှိ လက်လီအရောင်းဆိုင်များတွင် ကိုရီးယားကုမ္ပဏီများ၏ ကုန်စည်များရောင်းချခွင့်ရရေးနှင့် အရောင်းမြှင့်တင်နိုင်ရေးကူညီဆောင်ရွက်ပေးရန်ရည်မှန်းထားကြောင်း KOTRA အရာထမ်းများက ပြောကြားခဲ့ပါသည်။

၂၀၂၆ ခုနှစ်ရည်မှန်းချက်အတွက် ကနဦးအစီအစဉ်အနေဖြင့် ဖိလစ်ပိုင် နိုင်ငံရှိ လက်လီ/လက္ကားဆိုင်ကြီးဖြစ်သည့် Landers(Costco Whole sale ကဲ့သို့ Members ဝင်ထားသူများအတွက်သာ သီးသန့်ရောင်းချပေးနေသော လက်လီ/လက္ကားအရောင်းဂိုဒေါင်တစ်ခုဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံတွင် နာမည်ကြီးသည့် အဓိကလက်လီ/လက္ကားအရောင်းဆိုင်/ဂိုဒေါင်တစ်ခုဖြစ်ပါသည်)တွင် ကိုရီးယားကုမ္ပဏီများ၏ ကုန်စည်များရောင်းချသည့်ဆိုင်များဖွင့်ခွင့်ရရေး ကူညီပေးနိုင်ခဲ့ပါသည်။

လက်တင်အမေရိကရှိ အကြီးဆုံး E-Commerce Platform ဖြစ်သည့် Mercado Libre တွင်လည်း ကိုရီးယားထုတ်ကုန်များအတွက် အထူးကဏ္ဍတစ်ခုထူထောင်ထားပြီးဖြစ်ပါကြောင်း၊ပြည်ပ၌ ဈေးကွက်မြှင့်တင် ရေးအခမ်းအနားများ တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဥပမာအားဖြင့် ၂၀၂၆ ခုနှစ်၊ ဇွန်လနှင့်စက်တင်ဘာလတို့တွင် အာရပ်စော်ဘွား များပြည်ထောင်စုနှင့်ဗီယက်နမ်နိုင်ငံတို့၌ Korean Wave Expos(ကိုရီးယားလှိုင်းကုန်စည်ပြပွဲ)များကို အသီးသီးကျင်းပသွားရန် လျာထားပါကြောင်း KOTRA က သတင်းထုတ်ပြန်ထားပါသည်။

အဆိုပါနိုင်ငံများအပြင် တရုတ်နိုင်ငံနှင့် မက္ကဆီကိုနိုင်ငံများတွင်လည်း K-Lifestyle Expos များကို ကျင်းပသွားရန်စီစဉ်နေပါကြောင်း၊ နယူးယောက်မြို့၊ တိုရွန်တိုမြို့၊ ဟနွိုင်းမြို့၊ စင်ကာပူနှင့် လန်ဒန်မြို့အပါ အဝင် ပြည်ပနိုင်ငံများရှိ KOTRA ရုံးခွဲပေါင်း(၂၀)တွင်လည်း “ကိုရီးယားပို့ကုန်လုပ်ငန်းရှင်များက သက်ဆိုင်ရာနိုင်ငံများရှိ ဈေးကွက်အသီးသီးသို့ ဝင်ရောက်နိုင်ရေးလိုအပ်သည်များ(ဥပမာ- သက်သေခံအထောက်အ ထားထုတ်ပေးခြင်းလုပ်ငန်းစဉ်များအပါအဝင်)လိုအပ်သည်များ အကူ အညီပေးသည့် ရုံးခန်း(Support Desks)”သစ်များဖွင့်လှစ်ထားပြီးဖြစ်ပါကြောင်း KOTRA က သတင်းထုတ်ပြန်ထားပါသည်။

Source:  The Korea Times

(ပပ၊ စီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

Category: International News