အိန္ဒိယပြည်ထောင်စုအစိုးရအဖွဲ့သည် ပြီးခဲ့သည့်လ ၃၀ ရက်နေ့(ဗုဒ္ဓဟူးနေ့)တွင် ၂၀၂၅-၂၆ ကြံရာသီအတွက် သင့်တင့်မျှတသောဈေးနှုန်း(FRP)ကိုအခြေခံပြန်လည် ရရှိမှုနှုန်း(basic recovery rate)၁၀ ဒသမ ၂၅ ရာခိုင်နှုန်းအတွက် ၁ ကွင်တယ် (၁၀၀ ကီလိုဂရမ်)လျှင် ရူပီး ၃၅၅ အဖြစ် အတည်ပြုခဲ့ကြောင်း သိရသည်။ အဆိုပါဆုံးဖြတ်ချက်ကို ဝန်ကြီးချုပ်နရန်ဒြာမိုဒီဦးဆောင်သည့် စီးပွားရေးရာကိစ္စဆိုင်ရာ အစိုးရအဖွဲ့ကော်မတီမှ ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တရားဝင်ထုတ်ပြန်ချက်အရ အဆိုပါပြင်ဆင်သတ်မှတ်ထားသော FRP သည် ကြံစိုက်တောင်သူ ၅ ကုဋေခန့်နှင့် ၎င်းတို့၏ မိသားစုများအပြင် သကြားစက်ရုံများနှင့် ဆက်စပ်ကဏ္ဍများတွင် အလုပ်လုပ်ကိုင်လျက်ရှိသော လုပ်သား ၅ သိန်းခန့်အား အကျိုးကျေးဇူးရရှိစေမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပြင်ဆင်သတ်မှတ်ထားသော FRP သည် လက်ရှိရာသီ၏ဈေးနှုန်းထက် ၄ ဒသမ ၄၁ ရာခိုင်နှုန်းပိုမိုမြင့်မားပြီး တန်ချိန် ၁၀၀ လျှင် ရူပီး ၁၇၃ ရှိသော ထုတ်လုပ်မှုကုန်ကျစရိတ်ထက် နှစ်ဆကျော်ပိုမိုမြင့်မားကြောင်း တွေ့ရှိရသည်။ အခြေခံနှုန်းထက် ပြန်လည်ရရှိမှုနှုန်း ၀ ဒသမ ၁ ရာခိုင်နှုန်းတိုးတက်ပါက FRP သည် ၁ ကွင်တယ်(၁၀၀ ကီလိုဂရမ်)လျှင် ရူပီး ၃ ဒသမ ၄၆ ဖြင့် တိုးမြင့်သွားမည်ဖြစ်ကြောင်း သိရသည်။ အလားတူပင် ပြန်လည်ရရှိမှုနှုန်း ၀ ဒသမ ၁ ရာခိုင်နှုန်းကျဆင်းပါက ၁ ကွင်တယ်(၁၀၀ ကီလိုဂရမ်)လျှင် ရူပီး ၃ ဒသမ ၄၆ ဖြင့် လျှော့ချသွားမည်ဖြစ်ကြောင်း သိရသည်။
သို့ရာတွင် သကြားပြန်လည်ရရှိမှုနှုန်း နည်းပါးသော ဒေသများရှိ တောင်သူများ၏ အကျိုးစီးပွားကို ကာကွယ်ရန်အတွက် အိန္ဒိယအစိုးရသည် ပြန်လည်ရရှိမှုနှုန်း ၉ ဒသမ ၅ ရာခိုင်နှုန်းအောက်ကျဆင်းပါက နုတ်ယူမည်မဟုတ်ဟု ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။ အဆိုပါအခြေအနေမျိုးတွင် ၎င်းတို့အနေဖြင့် ၂၀၂၅-၂၆ ရာသီ(အောက် တိုဘာမှစက်တင်ဘာအထိ)အတွက် ၎င်းတို့၏ထွက်ကုန်များအတွက် ၁ ကွင်တယ် (၁၀၀ ကီလိုဂရမ်)လျှင် ရူပီး ၃၂၉ ဒသမ ၀၅ ရရှိမည်ဖြစ်ကြောင်း သိရသည်။
FRP ကို စိုက်ပျိုးရေးကုန်ကျစရိတ်နှင့် ဈေးနှုန်းကော်မရှင်(CACP)၏ အကြံပြုချက်များနှင့် ပြည်နယ်အစိုးရများ၊ အခြားအကျိုးသက်ဆိုင်သူများနှင့် တိုင်ပင်ဆွေးနွေးပြီးနောက် ယခုကဲ့သို့သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တရားဝင်အချက်အလက်များအရ ၂၀၂၃-၂၄ ဘဏ္ဍာနှစ် သကြားရာသီတွင် သကြားစက်များမှ ကြံစိုက်တောင်သူများအတွက် ပေးရန်ကျန်ငွေ ရူပီး ၁ ဒသမ ၁၁ သန်းကုဋေအနက် ၉၉ ဒသမ ၉၂ ရာခိုင်နှုန်းကို ၂၀၂၅ ခုနှစ် ဧပြီလ ၂၈ ရက်နေ့အထိ ရှင်းလင်းပြီးဖြစ်ကြောင်း သိရသည်။ လက်ရှိ ၂၀၂၄-၂၅ ဘဏ္ဍာနှစ် ရာသီတွင် ရူပီး ၉၇ ဒသမ ၂၇ ကုဋေအနက် ရူပီး ၈၅ ဒသမ ၀၉၄ ကုဋေကို ယခုအချိန်အထိ ပေးချေပြီးဖြစ်ကာ စုစုပေါင်း၏ ၈၇ ရာခိုင်နှုန်းခန့်ရှိကြောင်း တွေ့ရှိရသည်။
Source: ddnews.gov.in, Cabinet approves higher sugarcane FRP for 2025–26 season, April 30, 2025.
(ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)