အိန္ဒိယနိုင်ငံတွင် ယခုနှစ်အတွက် ကြံကြိတ်လုပ်ငန်းများ မကြာမီပြီးဆုံးတော့မည်ဖြစ်ကြောင်းနှင့် ပြီးခဲ့သည့်ရက်သတ္တပတ် ၂ ပတ်အတွင်း သကြားစက်ရုံ ၁၈ ရုံပိတ်သိမ်းခဲ့ပြီးနောက် စက်တင်ဘာလ ၃၀ ရက်နေ့အထိ သကြားထုတ်လုပ်မှုပမာဏသည်တန်ချိန် ၂၆ သန်းခန့်ရှိမည်ဟုခန့်မှန်းထားကြောင်း The Hindu Businessline သတင်းဌာနက ယခုလ ၁ ရက်နေ့တွင် ဖော်ပြသည်။
အိန္ဒိယအမျိုးသားသမဝါယမသကြားစက်များဆိုင်ရာအသင်းအချုပ် (NFCSF)မှ စုစည်းထားသော အချက်အလက်များအရ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁ ရက်မှ ၂၀၂၅ ခုနှစ် ဧပြီလ ၃၀ ရက်အထိ သကြားထုတ်လုပ်မှုပမာဏသည် ယခင်နှစ်က တန်ချိန် ၃၁ ဒသမ ၄၇ သန်းမှ ၂၅ ဒသမ ၇ သန်းသို့ ၁၈ ဒသမ ၃၄ ရာခိုင်နှုန်းကျဆင်းသွားကြောင်း သိရသည်။
အဆိုပါနောက်ဆုံးရရှိသော အချက်အလက်များကို ထုတ်ပြန်ရာတွင် လက်ရှိထုတ်လုပ်မှုပမာဏသည် တန်ချိန် ၅ ဒသမ ၇၇ သန်းအထိ သိသိသာသာကျဆင်းနေကြောင်းဖော်ပြထားသည်ဟု အဆိုပါသမဝါယမသကြားအဖွဲ့အစည်းက ပြောကြားခဲ့သည်။ ပြည်နယ်အားလုံးမှ ထုတ်လုပ်မှုများနှင့် ဒေသအလိုက်ပြန်လည်ရရှိမှုနှုန်းများကို ထည့်သွင်းစဉ်းစားပါက နိုင်ငံ၏စုစုပေါင်းသကြားထုတ်လုပ်မှုပမာဏသည် ရာသီကုန်ချိန်တွင် တန်ချိန် ၂၆ ဒသမ ၁ သန်းရှိမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။
သကြားအများဆုံးထုတ်လုပ်သည့် Uttar Pradesh ပြည်နယ်တွင် ယခုရာသီ၌ စက်ရုံ ၁၂၂ ရုံက ကြံကြိတ်လုပ်ငန်းများလုပ်ကိုင်ခဲ့ပြီး ၎င်းတို့အနက် ၁၁၁ ရုံမှာ လုပ်ငန်းများပြီးဆုံးခဲ့ကြောင်း သိရသည်။ တန်ချိန် ၉၄ ဒသမ ၈ သန်းရှိ ကြံများကို ကြိတ်ခွဲပြီးနောက် ပြည်နယ်သည် သကြားတန်ချိန် ၉ ဒသမ ၂၅ သန်း(ယခင်နှစ်က ၁၀ ဒသမ ၃၄ သန်း)ထုတ်လုပ်နိုင်ခဲ့ပြီး ပျမ်းမျှသကြားပြန်လည်ရရှိမှုနှုန်း ၉ ဒသမ ၇၅ ရာခိုင်နှုန်းရရှိခဲ့ကြောင်း သိရသည်။
Maharashtra ပြည်နယ်တွင် ယခုရာသီ၌ စက်ရုံ ၂၀၀ ရုံ ပါဝင်လုပ်ကိုင်ခဲ့ပြီး ၎င်းတို့အနက် ၁၉၉ ရုံမှာ ကြံကြိတ်လုပ်ငန်းများပြီးဆုံးခဲ့ကြောင်း သိရသည်။ စက်ရုံ ၁ ရုံသာလည်ပတ်လျက်ရှိပြီး မေလ ၈ ရက်နေ့တွင်ပြီးဆုံးမည်ဟု မျှော်မှန်းထားကြောင်း သိရသည်။ အဆိုပါပြည်နယ်သည် တန်ချိန် ၈၅ ဒသမ ၂ သန်းရှိ ကြံများကို ပျမ်းမျှပြန်လည်ရရှိမှုနှုန်း ၉ ဒသမ ၅၀ ရာခိုင်နှုန်းဖြင့် ကြိတ်ခွဲပြီး သကြား တန်ချိန် ၈ ဒသမ ၁ သန်း(ယခင်နှစ်က ၁၀ ဒသမ ၉၉ သန်း) ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရသည်။
Karnataka ပြည်နယ်တွင် စက်ရုံ ၇၉ ရုံစလုံးမှာ လုပ်ငန်းများပြီးဆုံးခဲ့ပြီး တန်ချိန် ၅၀ ဒသမ ၂ သန်းရှိကြံများကို ပျမ်းမျှပြန်လည်ရရှိမှုနှုန်း ၈ ဒသမ ၀၅ ရာခိုင်နှုန်းဖြင့် ကြိတ်ခွဲခဲ့ကြောင်း NFCSF က ပြောကြားခဲ့သည်။ သကြားထုတ်လုပ်မှုပမာဏသည် တန်ချိန် ၄ ဒသမ ၀၄ သန်း(ယခင်နှစ်က ၅ ဒသမ ၁၄ သန်း)ရှိခဲ့ပြီး၊ မိုးရာသီတွင် စက်ရုံအချို့၌ ကြံကြိတ်လုပ်ငန်းများပြန်လည်စတင်ပါက နောက်ဆုံးထွက်ရှိမည့် ပမာဏသည် တန်ချိန် ၄ ဒသမ ၂ သန်းအထိ ရောက်ရှိမည်ဟု မျှော်မှန်းထားကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
Tamil Nadu တွင် စက်ရုံ ၃၀ ရုံအနက် ၂၃ ရုံမှာ တန်ချိန် ၅ ဒသမ ၇ သန်းရှိ ကြံများကို ပျမ်းမျှပြန်လည်ရရှိမှုနှုန်း ၈ ဒသမ ၃၅ ရာခိုင်နှုန်းဖြင့် ကြိတ်ခွဲပြီးစီးခဲ့ပြီး၊ သကြားတန်ချိန် ၀ ဒသမ ၄၈ သန်း(ယခင်နှစ်က ၀ ဒသမ ၈၆ သန်း) ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရသည်။ အထူးရာသီပြီးဆုံးပါက အဆိုပါပမာဏသည် တန်ချိန် ၀ ဒသမ ၇ သန်းအထိ တိုးတက်နိုင်ကြောင်း သိရသည်။
သကြား တန်ချိန် ၃ ဒသမ ၂ သန်းခန့်ကို အီသနောထုတ်လုပ်ရန်အတွက် လွှဲပြောင်းအသုံးပြုမည် ဖြစ်သဖြင့် သကြားလက်ကျန်ပမာဏသည် တန်ချိန် ၄ ဒသမ ၈ မှ ၅ သန်းအထိရှိမည်ဟု NFCSF က ပြောကြားခဲ့သည်။
နိုဝင်ဘာလမှ အောက်တိုဘာလအထိဖြစ်သော ၂၀၂၄-၂၅ ဘဏ္ဍာနှစ် အီသနောထောက်ပံ့ရေးနှစ်အတွက် အီသနောထုတ်လုပ်ရန်အတွက် သကြားတန်ချိန် ၅ သန်းနှင့်ညီမျှသော ပမာဏကို ပြောင်းလဲထုတ်လုပ်ရန် သကြားထုတ်လုပ်မှုကဏ္ဍမှ အဆိုပြုခဲ့သည်။ရေနံစျေးကွက်ရှာဖွေရေးကုမ္ပဏီများ(OMCs)က ယင်းအဆိုပြုချက် နှင့်ဆန့်ကျင်လျက် တန်ချိန် ၄ သန်းကို ခွဲဝေချထားပေးခဲ့ကြောင်း သိရ သည်။
ကြံစျေးနှုန်းကို ၄ ရာခိုင်နှုန်းတိုးမြှင့်ရန် အိန္ဒိယအစိုးရအဖွဲ့၏ဆုံးဖြတ်ချက်ကို ကြို ဆိုလျက် NFCSF က အစိုးရအား အရေးကြီးသောပြဿနာနှစ်ရပ်ဖြစ်သည့် သကြား ၏ကြမ်းခင်းဈေး(MSP)ကို ပြန်လည်တိုးမြှင့်သတ်မှတ်ရန်နှင့် အထူးသဖြင့် ကြံရည်နှင့် B-heavy molasses တို့မှရရှိသော အီသနောအား အစိုးရမှ ဝယ်ယူမှုစျေးနှုန်းများကိုလည်း တိုးမြှင့်ပေးရန် တိုက်တွန်းခဲ့သည်။ တစ်နိုင်ငံလုံး၏ပျမ်းမျှစက်ရုံအရောက် သကြားစျေးနှုန်းသည် လက်ရှိတွင် တစ်ကွင်တယ်(၁၀၀ ကီလိုဂရမ်)လျှင် ရူပီး ၃,၈၈၀ နှင့် ရူပီး ၃,၉၃၀ ကြားတွင်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
Source: The Hindu Businessline, Sugar output continues to be 18% lower from year-ago, total output may be 26 mt in 2024-25, May 1, 2025.
(ကောင်းထွဋ်အောင်၊စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)