Local News

ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဧပြီလအတွင်းဇီယာဆန် ၂၄ ပြည်ဝင် အိတ်ရေ ၇၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဧပြီလအတွင်း ဇီယာဆန် ၂၄ ပြည်ဝင်အိတ်ရေ ၇၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဓနုဖြူမြို့နယ် ဆန်၊ စပါးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သင်းသင်းအေးက ပြောပြသည်။ ဓနုဖြူမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ယခုနှစ် မတ်လအတွင်းက ဇီယာဆန် ၂၄ ပြည်ဝင်အိတ်ရေ ၄၅၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဧပြီလ ၁ ရက်နေ့မှ ၃၀ ရက်နေ့ထိ တစ်လအတွင်း ဇီယာဆန်အမျိုးအစား ၂၄ ပြည်ဝင်အိတ်ရေ ၇၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။ “ပြီးခဲ့တဲ့ ဧပြီလအတွင်း ဇီယာဆန် ၂၄ ပြည်ဝင်အိတ်ရေ အများအပြား ရန်ကုန်ဈေးကွက်ဘက် တင်ပို့ရောင်းချခဲ့ရပါတယ်။ ဓနုဖြူမြို့ကနေ လယ်ယာထွက်ကုန်တွေကို ရန်ကုန်ဈေးကွက်ကို အများဆုံးတင်ပို့ရောင်းချနေပါတယ်။ ဒီယာဆန်အမျိုးအစားက စားကောင်းတဲ့ ဆန်အမျိုးအစားဖြစ်ပါတယ်။ အဲဒီဆန်တွေကို ရန်ကုန်ဈေးကွက်ကဝယ်ယူမှုများနေလို့ တင်ပို့အားကောင်းခဲ့တာဖြစ်ပါတယ်။ ဒီယာဆန်အမျိုးအစားကို ရန်ကုန်ဈေးကွက်က အခုလထဲမှာလဲ အများအပြားဝယ်ယူဖို့ ချိတ်ဆက်မှုတွေ ရှိနေပါတယ်။ အခြားဆန်တွေနဲ့ယှဉ်ရင် ဒီဆန်အမျိုးအစားက အရောင်းအဝယ်ပိုဖြစ်နေပါတယ်” ဟု ဓနုဖြူမြို့နယ် ဆန်၊ စပါးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သင်းသင်းအေးက ပြောပြသည်။ ဓနုဖြူမြိုနယ်မှ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချခဲ့သည့် ဇီယာဆန် တစ်အိတ်လျှင် ငွေကျပ် ၉၇၀၀၀ ထိ ပေါက်ဈေးရှိကြောင်း၊ အဆိုပါ ဇီယာဆန်အိတ်များကို ရန်ကုန်ဈေးကွက်က အဝယ်လိုက်နေသည့်အတွက် တောင်သူများ၊ ကုန်သည်များ၊ ကုန်တင်ကုန်ချလုပ်သားများ၊ ကုန်တင်ယာဉ်အငှားလိုက်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိကာ အဆင်ပြေနေကြောင်း ဓနုဖြူမြို့နယ် ဆန်၊ စပါးရောင်းအဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သင်းသင်းအေးက ဆက်လက်ပြောပြ၍ သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News