ဘဏ္ဍာရေးဝန်ကြီးဌာန(MoF)သည် ပင်လယ်ကွေ့ဒေသဘဏ္ဍာရေးနှင့်စီးပွားရေးပေါင်းစည်းမှုအား မြှင့်တင်ရာတွင် ယူအေအီးနိုင်ငံ၏အဓိကကျသောအခန်းကဏ္ဍကို ဆွေးနွေးရန်အတွက် အဘူဒါဘီမြို့တော်တွင် အဆင့်မြင့်ဆွေးနွေးပွဲတစ်ရပ်ကို ပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် စီးပွားရေးဆက်ဆံမှုများမြှင့်တင်ရန်နှင့် ပင်လယ်ကွေ့ဒေသပူးပေါင်းဆောင်ရွက်ရေးကောင်စီ(GCC)ဘုံဈေးကွက်ကိုအားကောင်းစေရေးအတွက် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု၏ အရေးပါမှုအပေါ် အလေးပေးဖော်ပြခဲ့ပါသည်။
နိုင်ငံခြားရေးဝန်ကြီးဌာနရုံးချုပ်တွင်ကျင်းပခဲ့သည့် အဆိုပါအစည်းအဝေးတွင် MoF ၏ လက်ထောက်အတွင်းဝန်ဖြစ်သူ Younis Haji AlKhoori၊ ဘဏ္ဍာရေးဝန်ကြီးဌာနနှင့်နိုင်ငံခြားရေးဝန်ကြီးဌာနနှစ်ခုစလုံးမှ အကြီးတန်းအရာရှိကြီးများနှင့်အခြားသော အဓိကပုဂ္ဂိုလ်များပါဝင်တက်ရောက်ခဲ့ကြပါသည်။ ဆွေးနွေးပွဲတက်ရောက်လာသူ များသည် အကောက်ခွန်ယူနီယံ၏တိုးတက်မှုများနှင့် GCC ဘုံစျေးကွက်၏ ဆက်လက်ဖွံ့ဖြိုးတိုးတက်မှုများကိုလေ့လာခဲ့ကြပြီး အဖွဲ့ဝင်နိုင်ငံများအကြား ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရန်လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့ကြပါသည်။
အရင်းအနှီးရွေ့လျားမှုကိုလွယ်ကူချောမွေ့စေရန်၊ အခွန်စနစ်များမြှင့်တင်ရန်နှင့် ဒေသအနှံ့စီးပွားရေးလုပ်ငန်းများချောမွေ့စေရေးတို့အတွက် အဓိကကျသောဆွေးနွေးမှုများတွင် AlKhoori က ယူအေအီးနိုင်ငံ၏ ကတိကဝတ်ကိုမီးမောင်းထိုးဖော်ပြကာ၊ GCC သဘောတူညီချက်များအား အကောင် အထည်ဖော်ဆောင်ရွက်နေမှုများကို စောင့်ကြည့်စစ်ဆေးရန်နှင့် ဘဏ္ဍာရေးတည်ငြိမ်မှုကိုမြှင့်တင်ရာတွင် ဘဏ္ဍာရေးဝန်ကြီးဌာန၏ အရေးကြီးသောအခန်းကဏ္ဍကို ထပ်လောင်းပြောကြားခဲ့ပါသည်။
၂၀၂၆ ခုနှစ်တွင် ယူအေအီးနိုင်ငံ၏အလှည့်ကျရောက်ရှိလာမည့် GCC ၏ ဥက္ကဌရာထူးကို စောင့်မျှော်ကြည့်ရှုရင်း ပင်လယ်ကွေ့တစ်လျှောက်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ဆောင်ရွက်သွားရန်နှင့် ဘဏ္ဍာရေးနှင့်စီးပွားရေးစနစ်များ ချောမွေ့စွာပေါင်းစည်းမှုကိုသေချာစေရန် ရည်ရွယ်ထားသည့် အစပျိုးဆောင်ရွက်မှုများအားလုပ်ဆောင်သွားရန်တို့ကို တာဝန်ရှိသူများက အစီရင်ခံတင်ပြခဲ့ကြပါသည်။
ဤဆွေးနွေးပွဲသည် စီးပွားရေးအသိအမြင်မြှင့်တင်ဆောင်ရွက်သွားမည့် MoF ၏ ဆက်လက်ကြိုးပမ်းမှုအားထုတ်မှု၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပြီး ပင်လယ်ကွေ့ဒေသဘဏ္ဍာရေးပူးပေါင်းဆောင်ရွက်မှု၏အနာဂတ်ကိုပုံဖော်ရာတွင် ယူအေအီးနိုင်ငံ၏ဦးဆောင်မှုကိုပြသနေခြင်းဖြစ်ပါသည်။ ဆွေးနွေးခဲ့ကြသည့် အစပျိုးဆောင်ရွက်မှုများသည် ဒေသတွင်းစီးပွားရေးဆက်ဆံမှုများ အားကောင်းလာစေရန်နှင့် GCC ၏စည်းလုံးညီညွတ်သော စီးပွားရေးမူဘောင်ကိုမြှင့်တင်ရန်အတွက် ယူအေအီးနိုင်ငံ၏ ပိုမိုကျယ်ပြန့်သော မဟာဗျူဟာပန်းတိုင်များနှင့် ကိုက်ညီလျက်ရှိကြောင်း သတင်းဖော်ပြထားပါသည်။
Source: Emirates News Agency
(နန္ဒစိုးမြင့်၊ စီးပွားရေးသံမှူး၊ ဒူဘိုင်းမြို့)