International News

အမေရိကန်နိုင်ငံနှင့် အမျိုးသားအကျိုးစီးပွားအရ ဆက်လက်လက်ဆွေးနွေးနိုင်ကြောင်း အီရန်နိုင်ငံက ပြောကြားခဲ့ပြီးနောက် ရေနံဈေးနှုန်းများပြန်လည်ကျဆင်းခဲ့

Last Updated:

အမေရိကန်နိုင်ငံနှင့် စေ့စပ်ညှိနှိုင်းမှုများကို အမျိုးသားအကျိုးစီးပွားကို အခြေခံ၍ ဆက်လက် ဆောင်ရွက်နိုင်ကြောင်း အီရန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Esmail Baghaei က ယနေ့(၂၀-၇-၂၀၂၆)ရက်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ပြီးနောက် ရေနံဈေးနှုန်းများကျဆင်းခဲ့ကြောင်း၊ အမေရိကန်နိုင်ငံ၏ နောက်ဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်မှုများနှင့် အမေရိကန် စစ်သားများထိခိုက်ကျဆုံးမှုများဖြစ်ပွားနေစဉ်တွင် ကြားခံနိုင်ငံများအနေဖြင့် အီရန်နိုင်ငံနှင့် သတင်းစကားဖလှယ်မှုများဆက်လက်ဆောင်ရွက်နေဆဲဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

နိုင်ငံတကာစံအဖြစ်သတ်မှတ်သော ရေနံစိမ်းအမျိုးအစားဖြစ်သည့် Brent Crude ဈေးနှုန်းသည် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလအတွက် ရောင်းချပေးပို့မည့်စာချုပ်တွင် ၀.၃% ကျဆင်းခဲ့ပြီး၊ တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၈၇.၈၈ သို့ရောက်ရှိခဲ့ကာ ယခင်က တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၉၀ အထက်ဈေးနှုန်းရရှိခဲ့စဉ်က အမြတ်များကိုပြန်လည်ဆုံးရှုံးခဲ့ကြောင်း၊ အလားတူ အမေရိကန်ရေနံဈေးကွက်၏ ရေနံစိမ်းအမျိုးအစားဖြစ်သည့် U.S. West Texas Intermediate crude ဈေးနှုန်းသည်လည်း ၂၀၂၆ ခုနှစ်၊ ဩဂုတ်လအတွက် ရောင်းချပေးပို့မည့်စာချုပ်တွင် ၀.၅% ကျဆင်းခဲ့ကြောင်း၊အမေရိကန်စစ်တပ်အနေဖြင့် အီရန်နိုင်ငံ၏အဓိကပစ်မှတ်နေရာ များကို (၉)ရက်ဆက်တိုက်ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး၊ အဆိုပါတိုက်ခိုက်မှုများသည် ဟော်မုဇ်ရေလက်ကြားကိုဖြတ်သန်းသွားလာသည့် ခရီးသည်နှင့်ကုန်စည် ပို့ဆောင်သည့်သင်္ဘောများနှင့် အခြားသင်္ဘောများကို တိုက်ခိုက်  ရန်အသုံးပြုသည့် အီရန်နိုင်ငံ၏စစ်ရေးစွမ်းရည်များကို ဆက်လက်အားလျော့စေမည်ဖြစ်ကြောင်း” ကို အမေရိကန်နိုင်ငံ ဗဟိုကွပ်ကဲရေးဌာနချုပ်(U.S. Central Command )က ၁၉-၇-၂၀၂၆ ရက်တွင် ၎င်း၏ “X” လူမှုကွန်ရက်၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ကြောင်း သိရှိရပါ သည်။

အမေရိကန်နိုင်ငံနှင့် အီရန်နိုင်ငံတို့အကြား တင်းမာမှုများ ပြန်လည်ဖြစ်ပွားခဲ့ခြင်းသည် ကမ္ဘာ့အရေးအပါဆုံး ရေနံသယ်ယူပို့ဆောင်ရေးလမ်းကြောင်းများအနက် တစ်ခုဖြစ်သည့် ဟော်မုဇ်ရေလက်ကြား၏ လုံခြုံရေးဆိုင်ရာစိုးရိမ်မှုများကို ပြန်လည်ဖြစ်ပေါ်စေခဲ့ကြောင်း၊ ဟော်မုဇ်ရေလက်ကြားတွင် သင်္ဘောဖြင့် သယ်ယူပို့ဆောင်မှုများသည် လတ်တလောတိုက်ခိုက်မှုများအပြီးတွင် သိသာစွာကျဆင်း သွားခဲ့ကြောင်း၊ အီရန်တော်လှန်ရေးအစောင့်တပ်များအနေဖြင့် ဟော်မုဇ်ရေလက် ကြားကိုအပြည့်အဝထိန်းချုပ်ထားဆဲဖြစ်ပြီး အဆိုပါရေလမ်းကြောင်းမှရေနံ၊ သဘာဝ ဓာတ်ငွေ့ သို့မဟုတ် ဓာတ်မြေဩဇာ စသည့်မည်သည့်ကုန်စည်ကိုမျှ ဖြတ်သန်းခွင့်မပြုရန်ပြန်လည်ကတိပြုခဲ့ကြောင်း အီရန်နိုင်ငံ၏ “Tasnim” သတင်းဌာနတွင် ဖော်ပြချက်အရ သိရှိရပါသည်။

ရင်းမြစ်။ အီရန်နိုင်ငံ၏ “Tasnim” သတင်းဌာန

(ခင်မျိုးသော်၊ စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)

Category: International News