International News

ထိုင်းအစိုးရက သိုလှောင်ထားသည့် ရာဘာတန်ချိန် ၁၈,၀၀၀ ကျော်ကို ဘတ် ၁.၂ ဘီလီယံဖြင့် အောင်မြင်စွာလေလံတင်ရောင်းချ၊ စျေးကွက်ယန္တရားကို ထိခိုက်မှုမရှိဟုဆို

Last Updated:

ထိုင်းဝန်ကြီးချုပ်ရုံး၏ ဒုတိယပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး Pattarasmi Thongsluakorn က စိုက်ပျိုးရေးနှင့် သမဝါယမဝန်ကြီး Mr. Suriya ၏လမ်းညွှန်ချက်အရ ထိုင်းရာဘာအာဏာပိုင်အဖွဲ့(RAOT) သည် ပြည်တွင်း၌ ရာဘာဈေးနှုန်းမြင့်တက်နေပြီး စျေးကွက်အတွင်း ရာဘာအဝင်နည်းပါးနေသည့် အချိန်ကိုက်ကာလကို အသုံးချကာ အစိုးရသိုလှောင်ရုံများရှိ ရာဘာလက်ကျန်များကို အောင်မြင်စွာ လေလံတင် ရောင်းချနိုင်ခဲ့ကြောင်း ဇွန်လ ၁၉ ရက်(သောကြာနေ့)တွင် ထုတ်ပြန်ခဲ့သည်။

ယခုတစ်ကြိမ် လေလံတင်ခဲ့သည့် ရာဘာများသည် ရာဘာဈေးနှုန်းတည်ငြိမ်စေရန်အတွက် ဖော်ဆောင်ထားသော ရာဘာစျေးနှုန်းထိန်းညှိရေး စီမံကိန်းများ(Bumper Project)မှ ဝယ်ယူသိုလှောင်ထားခြင်းဖြစ်ပြီး၊ စုစုပေါင်းရာဘာတန်ချိန် ၁၈,၄၈၁.၉၃ တန်ကို စုစုပေါင်းတန်ဖိုးဘတ် ၁,၂၃၂.၂ သန်း (၁.၂၃ ဘီလီယံကျော်)ဖြင့် ရောင်းချနိုင်ခဲ့သည်။ ယင်းပမာဏသည် မူလဖွင့်လှစ်ခဲ့သည့် အခြေခံလေလံဈေး(ဘတ် ၉၁၃.၉၅ သန်း)ထက် ဘတ် ၃၁၈.၂၅ သန်း(၃၄.၈၂%) ပိုမိုမြင့်မားစွာရရှိခဲ့ခြင်းဖြစ်သည်။

စျေးကွက်ယန္တရားနှင့် ကုန်ထုတ်လုပ်မှုအပေါ် သက်ရောက်မှုများ: (က) စျေးကွက်အတွင်း ပိုလျှံမှုမရှိခြင်း: စိုက်ပျိုးရေးနှင့် သမဝါယမဝန်ကြီး၏ အတွင်းရေးမှူး Mr. Sarawut Nengshanong ၏အဆိုအရ ယခုရောင်းချလိုက်သည့် ရာဘာပမာဏသည် ယခုနှစ် ဇွန်လအတွင်း ထွက်ရှိမည့် စုစုပေါင်းရာဘာအထွက်နှုန်း(တန်ချိန် ၄၁၈,၄၇၈ တန်)၏ ၄.၃% သာရှိသဖြင့် ပြည်တွင်း၌ ရာဘာအလွန်အမင်းပိုလျှံခြင်း(Oversupply) မဖြစ်စေဘဲ ပြည်တွင်းရာဘာဈေးကွက်ယန္တရားကို တစ်စုံတစ်ရာထိခိုက်မှုမရှိကြောင်းဆိုသည်။ (ခ) ပုဂ္ဂလိကကဏ္ဍ၏ စိတ်ဝင်စားမှုနှင့် ပြိုင်ဆိုင်မှု: ယခုလေလံပွဲကို ဆောင်ခလာ (Songkhla)ပြည်နယ်ရှိ သိုလှောင်ရုံ ၃ ခုနှင့် ချွန်ပူရီ(Chonburi)ပြည်နယ်ရှိ ကုန်ထုတ်လုပ်မှုဇုန်ဂိုဒေါင် ၁ ခု (စုစုပေါင်းဂိုဒေါင် ၄ ခု)တွင်နေရာခွဲခြား၍ စနစ်တကျကျင်းပခဲ့သဖြင့် ပုဂ္ဂလိကကုမ္ပဏီများအကြား ကျယ်ကျယ်ပြန့်ပြန့်စျေးနှုန်းအပြိုင်အဆိုင်ပေးသွင်းလာကြပြီး မျှော်မှန်းထားသည်ထက် ပိုမိုမြင့်မားသော ရလဒ်ကို ရရှိခဲ့ခြင်းဖြစ်သည်။ (ဂ) ရာသီဥတုအချက်အလက်(Super El Niño): လက်ရှိမိုးရာသီအတွင်း မိုးရွာသွန်းမှုများပြားခြင်းကြောင့် ဈေးကွက်အတွင်း ရာဘာအထွက်နှုန်းလျော့နည်းနေသည့်အပြင်၊ ယခုနှစ်ကုန်ပိုင်းတွင် ပြင်းထန်သောအယ်လ်နီညို(Super El Niño)ဖြစ်စဉ်ကြုံတွေ့ရနိုင်ခြေရှိသဖြင့် ရှေ့ဆက်၍ ရာဘာထွက်ရှိမှု ပိုမိုလျော့ကျသွားနိုင်သည်။ ထို့ကြောင့် ယခုကဲ့သို့စျေးကွက်အတွင်း ကုန်ကြမ်းပြတ်လပ်နေချိန်တွင် အစိုးရအရန်စတော့ကိုထုတ်ရောင်းပေးခြင်းက စျေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ပြီး၊ တစ်ဖက်တွင်လည်း မိမိတို့ထုတ်ကုန်ကို တဖြည်း ဖြည်းချင်းထုတ်ရောင်းနေသည့် ရာဘာတောင်သူများ၏ ဝင်ငွေတည်ငြိမ်မှုကို ကောင်းစွာပံ့ပိုးပေးနိုင်ခဲ့သည်။

လေလံရငွေအား အစိုးရဘတ်ဂျက်မသုံးဘဲ ကြွေးမြီပြန်ဆပ်ခြင်း: (က) ယခုလေလံပွဲမှ ရရှိလာသော ဘတ် ၁.၂ ဘီလီယံကျော်ကို အစိုးရထံမှ ထပ်ဆောင်းဘတ်ဂျက်တောင်းခံစရာမလိုဘဲ စိုက်ပျိုးရေးနှင့် လယ်ယာသမဝါယမဘဏ်(BAAC)ထံသို့ ကြွေးမြီများပြန်လည်ပေးဆပ်ခြင်းနှင့် ရာဘာသိုလှောင်ရုံများ၏ ဂိုဒေါင်ငှားရမ်းခများပေးချေခြင်းတို့တွင် တိကျမှန်ကန်စွာအသုံးပြုသွားမည်ဖြစ်သည်ဟု ဖော်ပြထားပါသည်။

Source: The Royal Thai Government(19-6-2026)

(ရည်မွန်လှိုင်၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News