အိန္ဒိယနိုင်ငံတစ်ဝန်းတွင် အနောက်တောင်မုတ်သုံလေ စတင်ဝင်ရောက်ချိန်၌ မမျှော်လင့်ဘဲ အရှိန်အဟုန်တန့်သွားခဲ့ရာ တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် မိုးရွာသွန်းမှုနှုန်းမှာ ပုံမှန်ထက် ၄၀ ရာခိုင်နှုန်းအထိလျော့နည်းနေကြောင်းသိရသည်။ ထို့အပြင် ဂြိုဟ်တုဓာတ်ပုံမှတ်တမ်းများအရ နိုင်ငံအလယ်ပိုင်းနှင့် အနောက်ပိုင်းဒေသအများစုတွင် မိုးတိမ်တောင်များလုံးဝကင်းစင်နေသည်ကို တွေ့ရှိရသဖြင့် စိုးရိမ်ပူပန်မှုများ မြင့်တက်နေကြောင်းသိရသည်။
အိန္ဒိယမိုးလေဝသဌာန၏ နောက်ဆုံးထုတ်ပြန်ချက်အရ ဇွန်လ ၄ ရက်မှ ၁၇ ရက်အတွင်း တစ်နိုင်ငံလုံး၌ မိုးရေချိန် ၃၉.၇ မီလီမီတာသာရရှိခဲ့ပြီး ပုံမှန်ရွာသွန်းမြဲမိုးရေချိန် ၆၅.၉ မီလီမီတာနှင့်နှိုင်းယှဉ်ပါက ၄၀ ရာခိုင် နှုန်းအထိလျော့နည်းနေခြင်းဖြစ်ကြောင်းသိရသည်။ ယခုကာလသည် စိုက်ပျိုးရေးရာသီအတွက် အလွန်အရေးပါသည့် အချိန်အခါဖြစ်သဖြင့် အဆိုပါမိုးခေါင်မှုက ကြီးမားသော စိန်ခေါ်မှုတစ်ခုဖြစ်လာကြောင်း သိရသည်။
ဇွန်လ ၁၇ ရက်က ရိုက်ကူးခဲ့သော INSAT-3DS ဂြိုဟ်တုဓာတ်ပုံများအရ မဟာရဋ္ဌရ်၊ ဂူဂျာရတ်၊ မဇ္ဈပဒေသ၊ ရာဂျာစသန်နှင့် ကာနာတာကာပြည်နယ်အတွင်းပိုင်းဒေသများတွင် မိုးတိမ်များလုံးဝနီးပါးကင်းစင်နေပြီး ၎င်းအခြေအနေသည် အိန္ဒိယနိုင်ငံ၏ စိုက်ပျိုးရေးအချက်အချာကျသော ဒေသများတွင် မုတ်သုံလေစွမ်းအားလျော့နည်းသွားခြင်းကို ထင်ရှားစွာပြသနေကြောင်းသိရသည်။ လက်ရှိတွင် အဓိကပြည်နယ်ကြီးအချို့၌ မိုးရေချိန်သိသိသာသာလျော့နည်းလျက်ရှိရာ- ဂူဂျာရတ်ပြည်နယ်တွင် ၉၈ ရာခိုင်နှုန်းလျော့နည်းနေကြောင်း၊ မေဃာလယပြည်နယ်တွင် ၈၅ ရာခိုင်နှုန်းလျော့နည်းကြောင်း၊ မဟာရဋ္ဌရ်ပြည်နယ်ပြည်နယ် ၇၉ ရာခိုင် နှုန်းလျော့နည်းနေကြောင်း၊ ဂျဟာခန်ပြည်နယ်တွင် ၆၆ ရာခိုင်နှုန်း လျော့နည်းနေပြီး ချခ်ပြည်နယ်တွင် ၆၅ ရာခိုင်နှုန်းလျော့နည်းနေကြောင်းသိရသည်။ ထို့အပြင် ကာနာတာကာ၊ တယ်လန်ဂါနာ၊ သြရိဿ၊ ဘီဟာနှင့် အာသံပြည်နယ်တို့တွင်လည်း မိုးရွာသွန်းမှုလျော့နည်း သည့်ဒဏ်ကို ရင်ဆိုင်နေရသည်။
မိုးခေါင်မှုဒဏ်ကို ပြင်းထန်စွာခံနေရသည့် အဆိုပါပြည်နယ်များသည် အိန္ဒိယနိုင်ငံ၏ မိုးရာသီသီးနှံအဓိကစိုက်ပျိုးရာ ဒေသများဖြစ်ပြီး ဇွန်လသည် သီးနှံစိုက်ပျိုးမှုအရှိန်မြှင့်ရမည့်အချိန်ဖြစ်သည်။ ဇွန်လသည် စပါး၊ ပဲပုပ်၊ ဂွမ်းနှင့် ပဲမျိုးစုံ စိုက်ပျိုးရန်အတွက် အရေးအကြီးဆုံးလပိုင်းဖြစ်သောကြောင့် ယခုကဲ့သို့မိုးခေါင်ရေရှားမှုကာလရှည်ကြာလာပါက စိုက်ပျိုးမည့် အချိန်ဇယားများကမောက်ကမဖြစ်ပြီး မြေဆီလွှာစိုထိုင်းဆလျော့ကျကာ စိုက်ပျိုးရေးကဏ္ဍကို ကြီးမားစွာထိခိုက်စေနိုင်ကြောင်း စိုက်ပျိုးရေးကျွမ်းကျင်သူများက ထောက်ပြကြကြောင်း သိရသည်။
မိုးလေဝသခန့်မှန်းချက် ပုံစံတူငယ်(Models)များအရ လာမည့် ဇွန်လ ၂၁ ရက်နောက်ပိုင်းတွင် စိုထိုင်းဆသယ်ဆောင်လာမှုပြန်လည်အားကောင်းလာနိုင်ပြီး မုတ်သုံလေအရှိန်ပြန်တက်လာနိုင်ကြောင်း ခန့်မှန်းထားသည်။ သို့ဖြစ်ရာ လာမည့်ရက်ပိုင်းအတွင်း မုတ်သုံလေအချိန်မီပြန်လည်အားကောင်းလာပြီး စိုက်ပျိုးရေးကဏ္ဍအပေါ် သက်ရောက်နိုင်ခြေရှိမည့် ဆိုးကျိုးများကို လျှော့ချနိုင်မလားဆိုသည်ကို မိုးလေဝသဌာနများက အနီးကပ်စောင့်ကြည့်လျက်ရှိကြကြောင်း သိရသည်။
Source: Businesstoday : Monsoon loses momentum, rainfall deficit widens to 40% across India
(ဖြူသဲနွယ်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)