အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် စိုးရိမ်ပူပန်မှုများမြင့်တက်နေချိန်တွင် မိုးရွာသွန်းမှုနည်းပါးနိုင်သည့်ခရိုင်များ၌ ကြိုတင်အရေးပေါ်စီမံချက်များချမှတ်ထားရန်လိုအပ်ကြောင်း အိန္ဒိယနိုင်ငံ စိုက်ပျိုးရေးဝန်ကြီး ရှစ်ဗ်ရတ်ဂျ် ဆင်းဂ် ချောင်ဟန်က ၁၆-၆-၂၀၂၆ ရက်နေ့တွင် အလေးအနက်ပြောကြားလိုက်ကြောင်းသိရသည်။ ထို့ပြင် ဝါနှင့် ပဲမျိုးစုံစိုက်ပျိုးမြေဧရိယာကို တိုးမြှင့်သွားရန်လည်း ၎င်းက တိုက်တွန်းခဲ့ကြောင်း သိရသည်။
နယူးဒေလီမြို့ရှိ ခရီရှီဘာဝမ်တွင် ပြုလုပ်သည့် အဆင့်မြင့်အပတ်စဉ်စိုက်ပျိုးရေးဆိုင်ရာ သုံးသပ်ချက်အစည်းအဝေး၌ ဝန်ကြီးသည် အဆင့်မြင့်အရာရှိများနှင့်အတူ ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးရေးအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြင်ဆင်ထားရှိမှုများကို အသေးစိတ်သုံးသပ်ခဲ့ကြသည်။ အဆိုပါအစည်းအဝေးတွင် ဖြစ်ပေါ်လာနိုင်သည့် အယ်လ်နီညိုအခြေအနေများကိုဆွေးနွေးခဲ့ကြပြီး မိုးရွာသွန်းမှုနည်းပါးခြင်း သို့မဟုတ် မိုးရွာသွန်းမှုမမှန်ကန်ခြင်းတို့ဖြစ်ပေါ်နိုင်ခြေရှိသည့် ခရိုင်များတွင် ကြိုတင်ပြင်ဆင်မှုများအပြည့်အဝဆောင်ရွက်ထားရန် အရာရှိများအား ညွှန်ကြားခဲ့ကြောင်း သိရသည်။
"ဒီလိုခရိုင်တွေကို စနစ်တကျခွဲခြားသတ်မှတ်ပြီး ပြည်နယ်အစိုးရတွေနဲ့ပူးပေါင်းကာ သီးနှံအလိုက် အရေးပေါ်စီမံချက်တွေရေးဆွဲရပါမယ်။ ဒါမှသာ ရာသီဥတုဘေးအန္တရာယ်ကြုံတွေ့ရတဲ့အခါ တောင်သူတွေကို အခြားရွေးချယ်စရာနည်းလမ်းတွေ၊ အကြံဉာဏ်တွေနဲ့ ကူညီပံ့ပိုးမှုတွေကို ချက်ချင်းပေးအပ်နိုင်မှာဖြစ်ပါတယ်" ဟု ဝန်ကြီးက ပြောကြားခဲ့ကြောင်းသိရသည်။
အစည်းအဝေးတွင် ၂၀၂၆ မိုးရာသီအတွက် သီးနှံအလိုက် စိုက်ပျိုးမည့် ရည်မှန်းချက်များ၊ စိုက်ပျိုးမှုတိုးတက်မှုအခြေအနေများနှင့် ပြည်နယ်အလိုက်ပြင်ဆင်ထားရှိမှုများကို ပြန်လည်သုံးသပ်ခဲ့ပြီး အထူးသဖြင့် ဝါဂွမ်းထုတ်လုပ်မှုမြှင့်တင်ရေးကို အလေးထားဆွေးနွေးခဲ့ကြသည်။
"ဝါဂွမ်းစိုက်ပျိုးမှု၊ ကုန်ထုတ်စွမ်းအားနဲ့ တောင်သူတွေရဲ့ဝင်ငွေနှစ်ရပ်စလုံး တိုးတက်လာစေဖို့အတွက် သိပ္ပံနည်းကျစိုက်ပျိုးနည်းစနစ်တွေ၊ သင့်တော်တဲ့မျိုးစေ့တွေ ရွေးချယ်မှု၊ သီးညှပ်စိုက်ပျိုးမှု၊ မြေဖုံးစနစ်နဲ့ ရေငွေ့ထိန်းသိမ်းမှုစတဲ့နည်းလမ်းတွေကို မြှင့်တင်ဆောင်ရွက်သွားဖို့ အလေးထားဆွေးနွေးခဲ့ပါတယ်"ဟုဝန်ကြီးက X လူမှုကွန်ရက်စာမျက်နှာ တွင်ရေးသားဖော်ပြခဲ့သည်။
ထို့ပြင် "ပဲမျိုးစုံဖူလုံရေးမစ်ရှင်"နှင့်ပတ်သက်၍လည်း အသေးစိတ်ဆွေးနွေးခဲ့ကြသည်။ "ကျွန်တော်တို့ရဲ့ ကြိုးပမ်းမှုကတော့ ပဲစင်းငုံ၊ ပဲနောက်နဲ့ ပဲတီစိမ်းစတဲ့ပဲမျိုးစုံကဏ္ဍမှာ နိုင်ငံတွင်း ပိုမိုဖူလုံလာစေဖို့နဲ့ တောင်သူတွေရဲ့ဝင်ငွေကို အာမခံချက်ရှိစေဖို့ဖြစ်ပါတယ်" ဟု ဝန်ကြီးက ပြောကြား ခဲ့ကြောင်း သိရသည်။
အိန္ဒိယအစိုးရအနေဖြင့် အယ်လ်နီညိုဖြစ်စဉ်ကြောင့် မိုးခေါင်ရေရှားနိုင်သည့်အခြေအနေအတွက် ကြိုတင်ပြင်ဆင်မှုများပြုလုပ်လျက်ရှိသည်။ သို့သော်လည်း ယခုနှစ်တွင် အယ်လ်နီညိုကြောင့် မိုးရွာသွန်းမှုအားနည်းနိုင်သည့်ဒဏ်ကို ခံနိုင်ရည်ရှိရန် အိန္ဒိယနိုင်ငံတွင် ရေလှောင်တမံများ၌ ရေပမာဏပိုမိုများပြားခြင်း၊ စားနပ်ရိက္ခာသိုလှောင်မှုစံချိန်တင်ရှိခြင်းနှင့် စီးပွားရေးဆိုင်ရာ တည်ဆောက်ပုံဆိုင်ရာမြှင့်တင်မှုများရှိနေခြင်းကြောင့် ယခင်ကထက် ပိုမိုကောင်းမွန်သည့်အနေအထားတွင် ရှိနေကြောင်း သိရသည်။
၂၀၂၆ ခုနှစ် မေလတွင် ရေလှောင်တမံများ၏ ရေပမာဏသည် သိုလှောင်နိုင်စွမ်းပမာဏ၏ ၃၀.၄ ရာခိုင်နှုန်းအထိရှိနေပြီး၊ ယင်းမှာ လွန်ခဲ့သည့် ၂၀၁၅-၁၆ နှင့် ၂၀၂၃-၂၄ ခုနှစ် အယ်လ်နီညိုဖြစ်ပွားခဲ့သောနှစ်များက ပျမ်းမျှရေလှောင်ပမာဏ ၂၅.၁ ရာခိုင်နှုန်းထက် ပိုမိုမြင့်မားကြောင်းသိရသည်။
Source: Prokeraia: El Nino: Agriculture Minister calls for advance contingency planning in rain-deficient districts
(ဖြူသဲနွယ်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)