ပညာရေးအသုံးစရိတ်များနှင့်ဆက်သွယ်ရေးဝန်ဆောင်ခများကျဆင်းခဲ့ခြင်းကြောင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတွင် ဂျပန်အိမ်ထောင်စုများ၏ အသုံးစရိတ်မှာ ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ၁ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်းနှင့် ၂ လဆက်တိုက်ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း ၁၀-၃-၂၀၂၆ ရက်နေ့ထုတ် The Mainichi သတင်းစာတွင် “Japan Jan. household spending down 1.0% on year on lower education outlays” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။
အဆိုပါသတင်းတွင် မိသားစု ၂ ဦးနှင့်အထက်ရှိသည့် အိမ်ထောင်စုများ၏ လစဉ်ပျမ်းမျှအသုံးစရိတ်မှာ ၃၀၇,၅၈၄ ယန်းရှိခဲ့ကြောင်း ဂျပန်နိုင်ငံပြည်ထဲရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားကြောင်း၊ ပုဂ္ဂလိကတက္ကသိုလ်များ၏ ကျောင်းလခများကျဆင်းခဲ့ခြင်းကြောင့် ပညာရေးအသုံးစရိတ်များမှာ ၂၂.၆ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်းနှင့် ၄ လတာအတွင်း ပထမဆုံးအကြိမ် ကျဆင်းခဲ့ခြင်းဖြစ် ကြောင်း၊ မိုဘိုင်းလ်ဖုန်းအတွက် လစဉ်ကြေးလျော့နည်းသည့် အစီအစဉ်များကို ပြောင်းလဲသုံးစွဲကြခြင်းကြောင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးကုန်ကျစရိတ်များမှာ ၁ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်းဖော်ပြထားပါ သည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် အပူချိန်မြင့်တက်ခဲ့ခြင်းကြောင့် လေပူစက်အသုံးပြုမှုကျဆင်းခဲ့သည့်အတွက် မီတာခများမှာ ၂.၆ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတွင်လည်း လျှပ်စစ်မီတာခများကျဆင်းခဲ့ကြောင်း၊ အိမ်ငှားခများ၊ ပြင်ဆင်စရိတ်နှင့် ထိန်းသိမ်းစရိတ်များကျဆင်းခဲ့ခြင်းကြောင့် အိမ်ထောင်မှုအသုံးစရိတ်များမှာ ၁၂.၃ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး၊ ၇ လဆက်တိုက်ကျဆင်းခဲ့ကြောင်း၊ အိမ်အပြင်ပိုင်းပြင်ဆင်ခြင်းနှင့်ခြံစည်းရိုးခတ်ခြင်းများမှာ ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ကျဆင်းခဲ့ကြောင်း ဖော်ပြထားပါသည်။
လိမ္မော်သီးနှင့်စတော်ဘယ်ရီကဲ့သို့သော သစ်သီးများစားသုံးမှုမြင့်မားခဲ့ခြင်းနှင့် ပြင်ပစားသောက်ဆိုင်များတွင် သွားရောက်စားသုံးမှုမြင့်တက်ခဲ့ခြင်းကြောင့် အိမ်ထောင်စုများ၏အသုံးစရိတ်စုစုပေါင်း၏ ၃၀ ရာခိုင်နှုန်းကို ကိုယ်စားပြုလျက်ရှိသည့် စားသောက်ကုန်များအတွက် ကုန်ကျ စရိတ်မှာ ၁.၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း၊ လေအေးပေးစက်နှင့် အဝတ်လျှော်စက်ကဲ့သို့သော ပရိဘောဂနှင့် အိမ်ထောင်မှုပစ္စည်းများအတွက် သုံးစွဲမှုမှာ ၁၃.၅ ရာခိုင်နှုန်းမြင့်မားခဲ့ကြောင်း၊ တီဗီဝယ်ယူမှုမြင့်တက်ခဲ့ခြင်းကြောင့် ဖျော်ဖြေရေးအတွက် အသုံးစရိတ်မှာ ၁၀.၈ ရာခိုင် နှုန်းမြင့်တက်ခဲ့ကြောင်း၊ ပြည်တွင်းအသားတင်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး၏ထက်ဝက်ကျော်ကို ကိုယ်စားပြုလျက်ရှိသော ပုဂ္ဂလိကဝယ်ယူသုံးစွဲနိုင်စွမ်းအတွက် အသုံးစရိတ်ဆိုင်ရာအချက် အလက်များမှာ အဓိကအချက်များဖြစ်ကြောင်း၊ မိသားစု ၂ ဦးအနည်း ဆုံးရှိသည့် အိမ်ထောင်စုများ၏ လစဉ်ပျမ်းမျှဝင်ငွေရရှိမှုမှာ ၁.၃ ရာခိုင် နှုန်းမြင့်တက်ခဲ့ပြီး၊ ၅၃၀,၅၂၀ ယန်းရှိခဲ့ကြောင်း ဖော်ပြထားပါသည်။
(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)