အမေရိကန်နိုင်ငံနှင့်အစ္စရေးနိုင်ငံတို့မှ အီရန်နိုင်ငံကို တိုက်ခိုက်ခဲ့သည့် အတွက် စွမ်းအင်ရရှိမှုအပေါ် စိုးရိမ်မှုများမြင့်တက်လျက်ရှိခြင်းနှင့်လောင်စာဆီဈေးနှုန်းများမြင့်တက်လျက်ရှိခြင်းတို့ကြောင့် အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီအဖွဲ့ဝင်များအနေဖြင့် အရန်လောင်စာဆီများကို ထုတ်ရောင်းကြရန်အဆိုပြုချက်အပေါ် ဂျပန်စက်မှုဝန်ကြီး Mr. Ryosei Akazawa က ထောက်ခံသည်ဟု ပြောကြားခဲ့ကြောင်း ၁၁-၃-၂၀၂၆ ရက်နေ့ထုတ် The Mainichi သတင်းစာတွင် “Japan energy minister backs proposed coordinated release of oil reserves” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။
အဆိုပါသတင်းတွင် အရှေ့အလယ်ပိုင်းဒေသမှ ရေနံစိမ်းတင်သွင်းမှုအပေါ် အလွန်အမင်းမှီခိုနေရသော ဂျပန်နိုင်ငံအနေဖြင့် ထိုသို့အပြည်ပြည်ဆိုင်ရာစွမ်းအင်အေဂျင်စီအဖွဲ့ဝင်နိုင်ငံများမှ အရန်လောင်စာဆီများကို ထုတ်ရောင်းခြင်းသည် ကမ္ဘာ့ရေနံဈေးကွက်တည်ငြိမ်စေရေးအတွက် အထောက်အပံ့ဖြစ်စေမည်ဖြစ်ကြောင်း၊ G-7အဖွဲ့ဝင်နိုင်ငံများ၏စွမ်းအင် ဝန်ကြီးများအနေဖြင့်လည်း ကမ္ဘာ့စွမ်းအင်ဖူလုံစေရေးအတွက် အရန်လောင်စာဆီများကို ထုတ်ရောင်းခြင်းအပြင် အခြားလိုအပ်သည့် လုပ်ငန်းစဉ်များကိုလည်း ဆောင်ရွက်သွားရန် အသင့်ရှိကြောင်း ဂျပန်စက်မှုဝန်ကြီးက ပြောကြားထားကြောင်း ဖော်ပြထားပါသည်။
အပြည်ပြည်ဆိုင်ရာစွမ်းအင်အေဂျင်စီအဖွဲ့ဝင်များအနေဖြင့်လက်ရှိကမ္ဘာ့စွမ်းအင်ဖူလုံမှုအခြေအနေနှင့် ဈေးကွက်အခြေအနေများကို လေ့လာဆန်းစစ်ကာ အရေးပေါ်အခြေအနေအတွက် အရန်သိုလှောင်ထားသည့် လောင်စာဆီများကို ရောင်းချပေးသွားမည့်အခြေအနေကို ထုတ်ပြန်ပေး သွားရန်အတွက် အထူးအစည်းအဝေးတစ်ရပ်ကို ကျင်းပသွားရန်ရှိကြောင်း ဖော်ပြထားပါသည်။
ဗြိတိန်၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ အမေရိကန်နှင့် အီးယူနိုင်ငံများမှ စွမ်းအင်ဝန်ကြီးများအနေဖြင့် အရန်သိုလှောင်ထားသည့် လောင်စာဆီများကို ထုတ်ရောင်းသွားမည့် အစီအစဉ်များကို ၉-၃-၂၀၂၆ ရက်နေ့တွင်ဆွေးနွေးခဲ့ကြကြောင်း၊ အရှေ့အလယ်ပိုင်းဒေသတွင် ပဋိပက္ခများဖြစ်ပွားလျက်ရှိခြင်းကြောင့် ဈေးကွက်အတွင်း ရေနံပြတ်လပ်မည်ကို စိုးရိမ်လျက်ရှိသည့်အတွက် ဝယ်လိုအားမြင့်တက်ကာ ရေနံစိမ်းဈေးနှုန်းမှာ လက်ရှိတွင် ၁ စည်လျှင် အမေရိကန်ဒေါ်လာ ၁၁၉ ဒေါ်လာရှိကာ ၂၀၂၂ ခုနှစ်မှစတင်၍ အမြင့်ဆုံးဖြစ်ခဲ့ကြောင်း ဖော်ပြထားပါသည်။
ကမ္ဘာ့ရေနံဈေးကွက်ကို ဆိုးရွားစွာထိခိုက်မှုများဖြစ်ပေါ်လာပါက ပူးတွဲတုံ့ပြန်နိုင်ရေးအတွက် အပြည်ပြည်ဆိုင်ရာစွမ်းအင်အေဂျင်စီအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ကမ္ဘာ့စွမ်းအင်လိုအပ်ချက်ကို ရက် ၉၀ အထိဖြည့်ဆည်းပေးနိုင်သော အရန်လောင်စာဆီသိုလှောင်ထားရန်လိုအပ် ကြောင်း၊ လက်ရှိတွင် G-7 အဖွဲ့ဝင်နိုင်ငံများအပါအဝင် အပြည်ပြည်ဆိုင်ရာစွမ်းအင်အေဂျင်စီအဖွဲ့ဝင်များအနေဖြင့်အရန်လောင်စာဆီအဖြစ် ရေနံစည်ပေါင်း ၁.၂ ဘီလီယံကျော်ကို သိုလှောင်ထားကြောင်း၊ အမေရိကန်နိုင်ငံနှင့်ဂျပန်နိုင်ငံတို့မှ သိုလှောင်ထားသော အရန်ရေနံစည်ပေါင်း သန်း ၇၀၀ ရှိကြောင်း၊ ရုရှားနိုင်ငံမှ ယူကရိန်းကို ကျူးကျော်ခဲ့ပြီးနောက် ရေနံဈေးနှုန်းများတည်ငြိမ်စေရေးအတွက် ၂၀၂၂ ခုနှစ်တွင် အပြည်ပြည် ဆိုင်ရာ စွမ်းအင်အေဂျင်စီအဖွဲ့ဝင်နိုင်ငံများအနေဖြင့် အရန်လောင်စာဆီများကို ထုတ်ရောင်းပေးခဲ့ဖူး ကြောင်း ဖော်ပြထားပါသည်။
(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)