International News

အရှေ့အလယ်ပိုင်းအကျပ်အတည်းကြားတွင် ကိုရီးယားသမ္မတနိုင်ငံနှင့် ASEAN အဖွဲ့ဝင်နိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး ဆွေးနွေး

Last Updated:

ကိုရီးယားသမ္မတနိုင်ငံနှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း(Association of South East Asia Nations- ASEAN)တို့သည် အရှေ့အလယ်ပိုင်းဒေသတွင်ဖြစ်ပေါ်နေသောပဋိပက္ခများကြောင့်ဖြစ်လာနိုင်သည့် စွမ်းအင်နှင့် ကုန်သွယ်ရေးဆိုင်ရာ စိန်ခေါ်မှုများကို ပူးပေါင်းရင်ဆိုင်နိုင်ရေးနှင့် Comprehensive Strategic Partner ship(CSP)အကောင်အထည်ဖော်ရေးတို့ကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့တွင် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့၌ ကျင်းပသည့် Korea-ASEAN နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ အစည်းအဝေးကို ကိုရီးယားသမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးနှင့် ASEAN အလှည့်ကျဥက္ကဋ္ဌဖြစ်သော ထိုင်းနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးတို့က ပူးတွဲဦးဆောင်မည်ဖြစ်ကြောင်း Yonhap News Agency က ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့တွင် သတင်းရေးသားဖော်ပြထားပါသည်။

အစည်းအဝေးတွင် ကိုရီးယားသမ္မတနိုင်ငံ သမ္မတ Lee Jae Myung က ၂၀၂၅ ခုနှစ် Korea-ASEAN Summit ၌တင်ပြခဲ့သည့် Korea-ASEAN Comprehensive Strategic Partnership Vision ကို အခြေခံ၍ People-centered Cooperation၊ Growth and Innovation နှင့် Peace and Stability ဟူသောမဏ္ဍိုင်(၃)ရပ်အောက်တွင် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်အကောင်အထည်ဖော်ရေး ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ထို့ပြင် Artificial Intelligence (AI)၊ ယဉ်ကျေးမှုနှင့် ဖန်တီးမှုလုပ်ငန်းများ၊ အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေး၊ ရေကြောင်းလုံခြုံရေး၊ Korea-ASEAN FTA အဆင့်မြှင့်တင်ရေး၊နျူကလီးယားစွမ်းအင်ပူးပေါင်းဆောင်ရွက် ရေးနှင့် Digital Economy Framework Agreement (DEFA)အပါအဝင် ASEAN ၏ဒီဂျစ်တယ်စီးပွားရေးပေါင်းစည်းမှုကို ထောက်ပံ့ကူညီရေးတို့ကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရပါသည်။

ASEAN သည် ကိုရီးယားသမ္မတနိုင်ငံ၏ တတိယအကြီးဆုံးကုန်သွယ်ဖက်ဖြစ်ပြီး ၂၀၂၅ ခုနှစ် အတွင်း ကိုရီးယားသမ္မတနိုင်ငံ၏ ASEAN သို့ တင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၂၂.၅ ဘီလီယံရှိခဲ့ကြောင်း၊ ၂၀၂၆ ခုနှစ် ဇွန်လတွင် Korea-ASEAN FTA အဆင့်မြှင့်တင်ရေးညှိနှိုင်းဆွေးနွေးမှုများကို တရားဝင်စတင်ခဲ့ပြီး ဒီဂျစ်တယ်စီးပွားရေး၊ အရေးပါသောသတ္တုတွင်းထွက်များ(Critical Minerals)နှင့် နည်းပညာကဏ္ဍသစ်များ၌ ပူးပေါင်းဆောင်ရွက်မှုတိုးချဲ့ရန်ရည်ရွယ်ထားကြောင်းသိရပါသည်။

ထို့အပြင် ကိုရီးယားသမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး Cho Hyun သည် ကိုရီးယားကျွန်းဆွယ်၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် ASEAN ၏ဆက်လက်ထောက်ခံမှုကိုတောင်းခံမည်ဖြစ်ပြီး မြောက်ကိုရီးယားအား ဆွေးနွေးရေးလမ်း ကြောင်းသို့ ပြန်လည်ဝင်ရောက်လာစေရန် ASEAN ၏ ပူးပေါင်းဆောင်ရွက်မှုကို တိုက်တွန်းသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ကိုရီးယားသမ္မတနိုင်ငံနှင့် ASEAN အဖွဲ့ဝင်နိုင်ငံအများစုသည် စွမ်းအင်တင်သွင်းမှုအပေါ် အလွန်မှီခိုနေရသဖြင့် အရှေ့အလယ်ပိုင်းဒေသပဋိပက္ခများကြောင့် ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ထောက်ပံ့ရေးကွင်းဆက်နှင့် ရေကြောင်းကုန်သွယ်ရေးလမ်း ကြောင်းများထိခိုက်လာပါက စီးပွားရေးအပေါ် သက်ရောက်မှုများဖြစ်ပေါ်လာနိုင်သဖြင့် စိုးရိမ်လျက်ရှိကြကြောင်း၊ ထို့အပြင် ASEAN နိုင်ငံခြားရေးဝန်ကြီးများကလည်း အမေရိကန်-အီရန်တင်းမာမှုများပြန်လည်မြင့်တက်လာခြင်းသည် ဒေသတွင်းကုန်သွယ်ရေး၊ စားနပ်ရိက္ခာလုံခြုံရေးနှင့် စွမ်းအင်လုံခြုံရေးတို့ကို ပိုမိုထိခိုက်စေနိုင်သဖြင့် စိုးရိမ်ပူပန်မှုကို ဖော်ပြခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

Source: Yonhap News Agency

https://en.yna.co.kr/view/AEN20260722002900315?section=national/diplomacy   

(ဝင်းပပသူ၊ စီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

Category: International News