International News

တရုတ်နိုင်ငံ စီးပွားရေးတိုးတက်မှု သိသိသာသာကျဆင်းလာ

Last Updated:

တရုတ်နိုင်ငံ၏ စီးပွားရေးသည် ဧပြီလမှ ဇွန်လအထိ ဒုတိယသုံးလပတ်အတွင်း သိသိသာသာကျဆင်းလာခဲ့ပြီး ပြည်တွင်းဝယ်လိုအားလျော့နည်းလာခြင်းနှင့် ကမ္ဘာလုံးဆိုင်ရာရေနံပဋိပက္ခများ၏  ရေနံဈေးနှုန်းများအပေါ် သက်ရောက်မှုတို့က တရုတ်နိုင်ငံ၏ ပို့ကုန်ကဏ္ဍကိုပါ ထိခိုက်လာစေပါသည်။

တရုတ်နိုင်ငံအမျိုးသားစာရင်းအင်းဗျူရို၏ တရားဝင်ပြည်တွင်းအသားတင်ထုတ်လုပ်မှု(GDP)ကိန်းဂဏန်း များအရ တရုတ်နိုင်ငံသည် ဒုတိယသုံးလပတ်တွင် ၄.၃ ရာခိုင်နှုန်း တိုးတက်လာခဲ့သော်လည်း ပထမသုံးလပတ်တွင် ရရှိခဲ့သော ၅ ရာခိုင်နှုန်းထက် ကျဆင်းသွားခြင်းဖြစ်ပါသည်။

တရုတ်နိုင်ငံသည် ယခုမတ်လတွင် စီးပွားရေးတိုးတက်မှုရည်မှန်းချက်အနေဖြင့် ၄.၅ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းအထိလျှော့ချသတ်မှတ်ခဲ့ပြီး ၁၉၉၁ ခုနှစ်နောက်ပိုင်း အနိမ့်ဆုံးသတ်မှတ်ချက်ဖြစ်ပြီး၊ ဖေဖော်ဝါရီလအတွင်း စတင်ခဲ့သည့် ရေနံပဋိပက္ခဖြစ်ပေါ်ခဲ့ပြီးနောက်ပိုင်း ပထမသုံးလပတ်ပြည့်တွင် ကြေညာခဲ့သော တရုတ်နိုင်ငံ၏ GDP သည် ကိုဗစ်အလွန်ကာလ ၂၀၂၂ ခုနှစ်ကုန်ကာလနောက်ပိုင်း အနိမ့်ဆုံးသုံးလပတ်တိုးတက်မှုလည်းဖြစ်ပါသည်။

ပြည်တွင်းစီးပွားရေးတွင် ဈေးကွက်ဝယ်လိုအားထက် ပိုမို၍ထုတ်လုပ်ရောင်းချနေသည့် အခြေအနေ၊ ကမ္ဘာ့ရေနံဈေးကွက် မတည်ငြိမ်မှုများ၊ တရုတ်နိုင်ငံအတွင်း ကြုံတွေ့နေရသော ကာလကြာရှည် အိမ်ခြံမြေဈေးကွက်ကျဆင်းမှု စသည့်အချက်များကြောင့် စီးပွားရေးတိုးတက်မှုကျဆင်းလာခဲ့ပါသည်။

သို့ရာတွင် ဈေးကွက်အတွင်း လက်လီရောင်းချမှုသည် ယခင်မေလတွင် ၀.၆ ရာခိုင် နှုန်းကျဆင်းခဲ့သော်လည်း ဇွန်လတွင် ၁ ရာခိုင်နှုန်းပြန်လည်မြင့်တက်လာခဲ့ပါ သည်။

တရုတ်နိုင်ငံ စီးပွားရေးလုပ်ငန်းများအနေဖြင့် ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ကုန်ကြမ်းဝယ်ယူမှုနှင့် လျှပ်စစ်သုံးစွဲမှုစသည့်ကုန်ကျစရိတ်များ များစွာကုန်ကျနေသော်လည်း ဈေးကွက်ဝယ်လိုအားမှာ ကျဆင်းလျက်ရှိနေကြောင်းနှင့် ကမ္ဘာ့ရေနံစစ်ပွဲကာလကြာရှည်လာသည်နှင့်အမျှ လက်ရှိအခြေအနေကို ကောင်းမွန်စွာစီမံခန့်ခွဲနိုင်ရန် ပိုမိုခက်ခဲလာလိမ့်မည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုပလက်ဖောင်း IG မှ ဈေးကွက်လေ့လာသုံးသပ်သူ Fabien Yip က BBC သို့ ပြောကြားခဲ့ပါသည်။

သို့ရာတွင် Capital Economics ၏တရုတ်စီးပွားရေးဌာနအကြီးအကဲ Julian Evans-Pritchard က နိုင်ငံ၏စီးပွားရေးအရှိန်နှေးကွေးမှုသည် လက်ရှိအခြေအနေများနှင့် သက်ဆိုင်ခြင်းမရှိဘဲ အစိုးရအာဏာပိုင်များအနေဖြင့် မြေပြင်အခြေအနေများကို ထိရောက်စွာကိုင်တွယ်ရန် လိုအပ်နေခြင်းသာဖြစ်ကြောင်း၊ GDP ကိန်း ဂဏန်းများအား နိုင်ငံ့စီးပွားရေးညွှန်းကိန်းသက်သက်အဖြစ် ရည်ညွှန်းရန်မှာ မလုံ လောက်ကြောင်းနှင့် ယခုနှစ်ဇွန်လဒေတာများသည် ညွှန်းကိန်းအားလုံးတွင် တိုးတက်မှုများဖြင့် အားရဖွယ်ရာဖြစ်ကြောင်းနှင့် ကုန်သွယ်မှုဆိုင်ရာအခြေအနေများအနေဖြင့် တိုးတက်မှုရှိသည်ဟုယေဘုယျသုံးသပ်နိုင်သည်ဟု ပြောကြားထားပါသည်။

နိုင်ငံ၏ စီးပွားရေးကျဆင်းနေသည်ဟု သုံးသပ်ချက်များ၏ အခြားတစ်ဘက်တွင် အင်္ဂါနေ့တွင် ထုတ်ပြန်ခဲ့သော ဇွန်လအကောက်ခွန်အချက်အလက်များအရ ကမ္ဘာ့ဈေးကွက်အတွင်း တရုတ်နိုင်ငံ၏ နည်းပညာပို့ကုန်များသည် ဉာဏ်ရည်တု(AI) ထုတ်ကုန်များ၊ဒေတာစင်တာများအတွက်တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် တစ်ပိုင်း လျှပ်ကူးပစ္စည်း(semicondu-ctor)ဝယ်လိုအားမြင့်တက်မှု၊ တရုတ်နိုင်ငံ၏ လျှပ်စစ်ကားများ(EVs)များဝယ်လိုအားမြင့်တက်မှုတို့သည် နိုင်ငံ၏ပို့ကုန်ကဏ္ဍတိုးတက်လာခြင်းဖြစ်ပါသည်။

တရုတ်စီးပွားရေး၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုသည် ၄.၃ ရာခိုင်နှုန်းသာရှိပြီး ရည်မှန်းချက်ထက် ကျဆင်းခဲ့သော်လည်း စီးပွားရေးကျဆင်းခြင်းဟု သတ်မှတ်ရန်ခက်ခဲသည့် အခြေအနေဖြစ်ပါကြောင်း၊ ဇွန်လဒေတာများအရ ပို့ကုန်များ (အထူးသဖြင့် လျှပ်စစ်ကားနှင့် တစ်ပိုင်းလျှပ်ကူးပစ္စည်း)မှာ ကမ္ဘာ့ဈေးကွက်အတွင်း သိသိသာသာဝယ်လိုအားမြင့်တက်နေသည့်အပြင် ပြည်တွင်းလက်လီအရောင်း သည်လည်း ပြန်လည်မြင့်တက်လာခဲ့ပါကြောင်း၊ ရေနံပဋိပက္ခကြောင့် စွမ်းအင်ကုန်ကျစရိတ်မြင့်တက်မှုက စီးပွားရေးလုပ်ငန်းများအပေါ် ဖိအားဖြစ်စေသည့် အခြေအနေနှင့် ပြည်တွင်းဝယ်လိုအားလျော့နည်းလျက်ရှိခြင်း၊ အိမ်ခြံမြေဈေးကွက်ကျဆင်းခြင်းတို့မှာလည်း ထည့်သွင်းစဉ်းစား၍ ဖြေရှင်းရမည့်အချက်များဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ တရုတ်နိုင်ငံသည် ပို့ကုန်ကဏ္ဍတွင် အားကောင်းနေသော် လည်း ပြည်တွင်းသုံးစွဲမှုကို ပြန်လည်မြှင့်တင်နိုင်ရန် မဟာဗျူဟာကျဖြေရှင်းရန် လိုအပ်သည့်အခြေအနေဖြစ်ပါသည်။

Source:          https://www.bbc.com/news/articles/cd959x4edy8o  

(လဲ့လဲ့နှင်း၊ စီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: International News