International News

အိန္ဒိယနိုင်ငံသည် သဘာဝရော်ဘာပြတ်လပ်မှုနှင့် ရင်ဆိုင်နေရပြီး ဈေးနှုန်းများမြင့်တက်လျက်ရှိ

Last Updated:

အိန္ဒိယနိုင်ငံ၏ သဘာဝရော်ဘာပြည်တွင်းထုတ်လုပ်မှုသည် သုံးစွဲမှုလိုအပ်ချက်ထက် တန်ချိန် ၅.၅ သိန်းခန့်လျော့နည်းသဖြင့် သိသိသာသာပြတ်လပ်မှုနှင့် ကြုံတွေ့နေရကြောင်း၊ သဘာဝရော်ဘာထုတ်လုပ်မှုသည် ၂၀၂၂-၂၃ ခုနှစ်တွင် တန်ချိန် ၈.၃၉ သိန်းမှ ၂၀၂၃-၂၄ ခုနှစ်တွင် တန်ချိန် ၈.၅၇ သိန်း အထိတိုးလာခဲ့သော်လည်း သုံးစွဲမှုမှာ တန်ချိန် ၁၃.၅ သိန်းမှ ၁၄.၁၆ သိန်းအထိတိုးလာသဖြင့် ကြီးမားသောလိုအပ်ချက်ကိုဖြစ်ပေါ်စေလျက်ရှိကြောင်း၊ ဤအခြေအနေတွင် အကောက်ခွန်မြင့်မားမှုကြောင့် တင်သွင်းရာတွင် စိန်ခေါ်မှုများဖြစ်ပေါ်နေပြီး ဈေးနှုန်းများမြင့်တက်လာကာ သဘာဝရော်ဘာအပေါ် မှီခိုနေရသည့် စက်မှုလုပ်ငန်းများအတွက် အကြပ်အတည်းများဖြစ်ပေါ်လာနိုင်သည့်အခြေအနေများနှင့်  ကြုံတွေ့နေရကြောင်း သိရှိရပါသည်။

အိန္ဒိယနိုင်ငံလုံးဆိုင်ရာရော်ဘာစက်မှုလက်မှုလုပ်ငန်းရှင်များအသင်း(All India Rubber Industries Association-AIRIA)၏ဥက္ကဋ္ဌဖြစ်သူ Shashi Singh က ပြည်တွင်းထုတ်လုပ်မှုမလုံလောက်မှုကြောင့် အိန္ဒိယနိုင်ငံသည် သဘာဝ ရော်ဘာတင်သွင်းမှုအပေါ် သမိုင်းကြောင်းအရ မှီခိုနေရပါကြောင်း၊  သဘာဝရော်ဘာတင်သွင်းမှုတွင် အခက်အခဲတစ်ခုမှာ အကောက်ခွန် ၂၅ ရာခိုင်နှုန်း(သို့မဟုတ်)တစ်ကီလိုလျှင် ရူပီး ၃၀ မှ များသည့်ပမာဏအား ကောက်ခံခြင်းဖြစ်ကြောင်း၊ အခြားအခက်အခဲတစ်ခုမှာ ရော်ဘာအား ဈေးကွက်အတွင်း ရရှိနိုင်မှုဆိုင်ရာကိစ္စရပ်ဖြစ်ကြောင်း၊ ယခုလောလောဆယ်တွင် တရုတ်က ရော်ဘာအား စုဆောင်းနေပြီး သဘာဝရော်ဘာတင်ပို့ရောင်းချသည့်နိုင်ငံတစ်နိုင်ငံဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည်  တည်ငြိမ်မှုရှိမနေကြောင်း၊ ယင်းကြောင့် သဘာဝရော်ဘာဈေးနှုန်းမှာ လျင်မြန်စွာမြင့်တက်လာခဲ့ကြောင်း၊ လက်ရှိစျေးနှုန်းသည် ၁၅ နှစ်အတွင်း အမြင့်ဆုံးဖြစ်ပြီး တစ်ကီလိုဂရမ်လျှင် ၂၄၇ ရူပီးဖြစ်နေကြောင်း၊ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဧပြီလတွင် သဘာဝရော်ဘာတစ်ကီလိုဂရမ်လျှင် ၁၈၂ ရူပီးသာရှိခဲ့သဖြင့် လေးလအတွင်းမှာ နှစ်ဆနီးပါးမြင့်တက်သွားခဲ့ကြောင်း ပြောကြားခဲ့သည်။

သဘာဝရော်ဘာထုတ်လုပ်မှုအတွက် စိန်ခေါ်မှုအခက်အခဲများကို ဆက်လက်ပြောကြားရာတွင်  ပြင်းထန်သောမုတ်သုံရာသီကြောင့် အစေးခြစ်သည့်လုပ်ငန်းများကျဆင်းခြင်းနှင့်သွင်းကုန်ကျဆင်းခြင်းတို့ကြောင့် သဘာဝရော်ဘာရရှိ နိုင်မှုမှာ သေချာမှုမရှိကြောင်း၊ ယင်းကြောင့် သဘာဝရော်ဘာအပေါ်တွင် မှီခိုနေသောစက်မှုလုပ်ငန်းများအပေါ် သက်ရောက်မှုရှိလာမည်ဖြစ်ကြောင်း၊ လက်ရှိတွင် သဘာဝရော်ဘာ၏ ၇၀ ရာခိုင်နှုန်းခန့်ကို တာယာလုပ်ငန်းမှ အသုံးပြုလျက်ရှိပြီး၊ ကျန် ၃၀ % ကို တာယာမဟုတ်သော ကုမ္ပဏီများ၊ အသေးစားနှင့် အငယ်စားလုပ်ငန်းများက အသုံးပြုလျက်ရှိကြောင်း၊ လက်အိတ်နှင့် ပူဖောင်းပြုလုပ်ရာတွင် အသုံးပြုသည့် ရော်ဘာစေးတင်သွင်းမှုအတွက် အခွန် ၇၅ % ကောက်ခံသည့်အတွက် ကုန်ကြမ်းပြတ်လပ်မှုရှိနေပါကြောင်း၊ သို့ရာတွင်  တင်သွင်းလာသည့် မွေ့ရာ၊ ပူဖောင်းနှင့် ခွဲစိတ်ခန်းသုံးလက်အိတ်များမှာ အခွန် ၁၀ % သာရှိသဖြင့် အဆိုပါကုန်ပစ္စည်းများကို ပြည်တွင်း၌ ထုတ်လုပ်မှုထက် ပြည်ပမှတင်သွင်းရန် တွန်းအားပေးနေသကဲ့သိုဖြစ်နေပါကြောင်း၊ အဆိုပါကိစ္စရပ်များကို ဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက် အိန္ဒိယနိုင်ငံလုံးဆိုင်ရာရော်ဘာစက်မှုလက်မှုလုပ်ငန်းရှင်များအသင်း(AIRIA)နှင့် မော်တော်ကားတာယာထုတ်လုပ်သူများအသင်း(ATMA)တို့သည် ကုန်ကြမ်းတင်သွင်းမှုအကြပ်အတည်းနှင့် ဆိုင်ရာအကြံပြုချက်အား အစိုးရထံ တင်ပြထားပါကြောင်း၊ယခုအခါ သဘာဝရော်ဘာထုတ်လုပ်မှုအား မြှင့်တင်ရန်အတွက် ဒုတိယအများဆုံးထုတ်လုပ်သည့် ပြည်နယ်များဖြစ်သည့်တြိပူရနှင့် ကီရာလာတို့အပြင် အခြားဒေသများတွင် တိုးချဲ့စိုက်ပျိုးနိုင်ရေးကိုလည်း  ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း Singh က ပြောကြားထားသည်။

သဘာဝရော်ဘာကို မှီခိုနေသော ပြည်တွင်းစက်မှုလုပ်ငန်းများကို ပံ့ပိုးကူညီရန်အတွက် သွင်းကုန်စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် ပြည်တွင်းထုတ်လုပ်မှုမြှင့်တင်ရေးအတွက်လည်း မျှတသော ချဉ်းကပ်မှုများလိုအပ်ကြောင်း အလေးပေးဖော်ပြထားသည်ကိုလည်း တွေ့ရှိရပါသည်။

သို့ဖြစ်ပါ၍ အိန္ဒိယနိုင်ငံသည် ရော်ဘာသုံးစွဲမှုမြင့်မားလာမှုနှင့်အတူ ပြည်တွင်းဈေးကွက်လိုအပ်ချက်အတွက် ပြည်ပမှ တင်သွင်းရာတွင်ကောက်ခံသည့် အခွန်နှုန်းထားများလျှော့ပေါ့ပေးမည့် အလားအလာများရှိနေပါသည်။

Source: India facing acute shortage of natural rubber, prices soar, The Economic Times, 16 August 2024.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: International News