International News

၂၀၂၄ ခုနှစ်၊ ဒုတိယသုံးလပတ်တွင် ဟောင်ကောင်ဒေသစီးပွားရေးတိုးတက်မှု ၃.၃ ရာခိုင်နှုန်းရှိ

Last Updated:

ဩဂုတ်လ ၁၆ ရက်နေ့တွင် ဟောင်ကောင်ဒေသအစိုးရမှ ထုတ်ပြန်ခဲ့သည့် စာရင်းဇယားများအရ ဟောင်ကောင်ဒေသ၏ စီးပွားရေးသည် အတန် အသင့် ဆက်လက်တိုးတက်နေပြီး ၂၀၂၄ ခုနှစ်၊ ဒုတိယသုံးလပတ်၌ အမှန်တကယ် ဂျီဒီပီ တိုးတက်မှု ၃.၃ ရာခိုင်နှုန်းရှိခဲ့ကြောင်းနှင့် ၂၀၂၄ ခုနှစ်၏ ကျန်ကာလများတွင် ဒေသ၏စီးပွားရေး ပိုမိုတိုးတက်လာမည်ဟု မျှော်မှန်းကြောင်း “Economy grows 3.3% in Q2” ခေါင်းစဉ်ဖြင့် အစိုးရသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

ဟောင်ကောင်ဒေသ၏ စုစုပေါင်း ပို့ကုန်တင်ပို့မှုမှာ ဆက်လက်တိုးတက်လျက်ရှိပြီး ပြင်ပဝယ်လိုအား တိုးတက်မှုကြောင့် ယခုနှစ်ဒုတိယသုံးလပတ်တွင် ယခင်နှစ်ကထက် ၇.၅ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း၊ သို့သော် ဟောင်ကောင်ဒေသသို့လာရောက်သည့် ခရီးသွားများ၏ သုံးစွဲမှုပုံစံပြောင်းလဲလာခြင်းနှင့် ဟောင်ကောင်ဒေါ်လာဈေးနှုန်း မြင့်တက်လာခြင်းတို့ကြောင့်  ဝန်ဆောင်မှု တင်ပို့မှု ၁.၄ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ဟောင်ကောင်ဒေသအစိုးရ စီးပွားရေးပညာရှင်ဖြစ်သူ Adolph Leung က ပြောကြားခဲ့သည်ဟု ရေးသားဖော်ပြထားပါသည်။

 အလုပ်လက်မဲ့နှုန်းထား ၃ ရာခိုင်နှုန်းဖြင့် ဆက်လက်တည်ရှိနေပြီး၊ စီးပွားရေးဆက်လက် တိုးတက်နေခြင်းကြောင့် ဟောင်ကောင်ဒေသတွင်း လုပ်သားဈေးကွက်အနေဖြင့် ယခင်လ များကဲ့သို့ အကြပ်အတည်းရှိနေမည်ဖြစ်ကြောင်း၊ ဒုတိယသုံးလပတ်အတွင်း ရင်းနှီးမြှုပ်နှံမှု အသုံးစရိတ် ၆ ရာခိုင်နှုန်းတိုးတက်ခဲ့သော်လည်း ဒေသခံများ၏ သုံးစွဲမှုပုံစံပြောင်း လာခြင်း ကြောင့် တစ်ဦးချင်းသုံးစွဲမှုကုန်ကျစရိတ် ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ၁.၅ ရာခိုင်နှုန်း ကျဆင်း ခဲ့ကြောင်းရေးသားဖော်ပြထားပါသည်။

ဝယ်လိုအားကျဆင်းလာမှုကြောင့် ၂၀၂၄ ခုနှစ် ပထမသုံးလပတ်တွင် ဈေးကွက်လှုပ်ခတ် ခဲ့သည့် ဟောင်ကောင်ဒေသ၏ အိမ်ရာအဆောက်အဦဈေးကွက်မှာ ဒုတိယသုံးလပတ်တွင် ပြန်လည်ကျဆင်းခဲ့ပါသည်။ အမေရိကန်နိုင်ငံမှ အတိုးနှုန်းလျှော့ချသွားမှုအလားအလာနှင့် တိုက်ခန်းဈေးနှုန်းများ ၂ ရာခိုင်နှုန်းအထိ ကျဆင်းနေခြင်းများကြောင့် ဈေးကွက်အခြေအနေမှာ စောင့်ကြည့်နေသည့် အနေအထားတွင်ရှိနေကြောင်း ရေးသားဖော်ပြထားပါသည်။

ဒုတိယသုံးလပတ်အတွင်း ငွေကြေးဖောင်းပွမှုအနေအထား အတန်အသင့်သာရှိနေပြီး လာမည့်လ များတွင်လည်း ငွေကြေးဖောင်းပွမှု အနည်းငယ်သာရှိနိုင်ကြောင်း၊  ၂၀၂၄ ခုနှစ် တစ်နှစ်လုံး အတွက် ဂျီဒီပီ တိုးတက်မှုခန့်မှန်းချက်ကို ၂.၅ မှ ၃.၅ ရာခိုင်နှုန်းအတွင်းရှိမည်ဟု ဆက်လက် ခန့်မှန်းထားကြောင်းနှင့်  ဟောင်ကောင်ဒေသ၏ စီးပွားရေးသည် ၂၀၂၄ နှစ်ကုန်အထိ ဆက်လက် တိုးတက်ဖွယ်ရှိသည်ဟု Mr Leung က ပြောကြားခဲ့ကြောင်း စသည်ဖြင့် ရေးသား ဖော်ပြထားပါသည်။

 

စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့။

Category: International News