International News

အမေရိကန်သမ္မတလောင်း ကင်မလာဟဲရစ်အနေဖြင့် ကုန်ဈေးနှုန်းမြင့်တက်မှုကို တားဆီးလို

Last Updated:

အမေရိကန်သမ္မတလောင်း ကင်မလာဟဲရစ်အနေဖြင့် ကုန်ဈေးနှုန်းမြင့်တက်မှုကို တားဆီးလိုခြင်းနှင့်ပတ်သက်၍ စီးပွားရေးပညာရှင်များ၏အမြင်များကို Wall Street Journal အွန်လိုင်းသတင်း၌ ၂၀-၈-၂၀၂၄ ရက်တွင် “Kamala Harris Wants to Ban Price Gouging. What Do Economists Say?” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။

အမေရိကန်နိုင်ငံသားများသည် ကုန်ဈေးနှုန်းမြင့်တက်မှုကို လိုလားခြင်းမရှိကြသဖြင့် သမ္မတ လောင်းကင်မလာဟဲရစ်ကလည်း အစားအစာနှင့် အိမ်သုံးကုန်စည်ဈေးနှုန်းများမြင့်တက်မှုကို တားဆီးလိုသည်ဟု ပြောကြားခဲ့ကြောင်း၊ ဟားဘတ်တက္ကသိုလ် စီးပွားရေးပညာရှင် Ms. Stefanie Stantcheva ၏လေ့လာမှုစစ်တမ်းအရ ဒီမိုကရက်တစ်ပါတီဝင်အများစုက ငွေကြေး ဖောင်းပွမှုသည် စီးပွားရေးလုပ်ငန်းကြီးများ၏ ဝိသမလောဘကြောင့်ဟု ဝေဖန်ခဲ့ကြကြောင်း၊ စားသောက်ကုန် လုပ်ငန်းအများစုက ဈေးနှုန်းမြင့်တက်မှုသည် ကူးစက်ရောဂါဖြစ်ပွားမှုကာလ ၌ ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက် (Supply Chain) ကြောင့် စီးပွားရေးအသွင်ပြောင်းလဲလာခဲ့ပြီး စီးပွားရေးကဏ္ဍသို့ အစိုးရငွေများ ထည့်ဝင်ရခြင်းနှင့် ဝယ်လိုအား မြင့်တက်လာခြင်းတို့ကြောင့်ဖြစ်သည်ဟု အဆိုပါအယူအဆအပေါ် တုံ့ပြန်ငြင်းဆိုခဲ့ကြကြောင်း သိရှိရပါ သည်။

စားသောက်ကုန်များ၏ ဈေးနှုန်းမြင့်တက်မှုသည် မကြာသေးမီအချိန်၌ တည်ငြိမ်လာခဲ့သော် လည်း ယင်းပမာဏသည် ကူးစက်ရောဂါကာလမတိုင်မီ ဈေးနှုန်းထက် ပိုမိုများပြားကြောင်း၊ ဇူလိုင်လ လကုန်ပိုင်းတွင် အိမ်ထောင်စုများ၏ စားသုံးသူဈေးဆနှုန်းသည် ၂၀၁၉ ခုနှစ်၊ နှစ်ကုန်ပိုင်း ဈေးနှုန်းထက် ၂၆ ရာခိုင်နှုန်း ပို၍များပြားကြောင်း၊ စားသောက်ကုန်နှင့် စွမ်းအင်ဈေးနှုန်းကို ထည့်သွင်းတွက်ချက်ခြင်းမပြုသည့် Core Inflation မှာ ၁၄ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း သိရှိရပါသည်။ ခုခံအားကျဆင်းမှုရောဂါ (AIDS) လူနာများအတွက် ဆေးတစ်လုံးလျှင် အမေရိကန်ဒေါ်လာ ၁၃.၅၀ ရှိခဲ့ရာမှ များစွာမြင့်တက်ခဲ့ကြောင်း၊ ယင်းသို့ဈေးနှုန်းမြင့်တက်မှုကို ထိန်းကျောင်းမည့် မူဝါဒချမှတ်ရန် ခက်ခဲနိုင်ကြောင်း၊ ကုန်ပစ္စည်းတစ်ခုအတွက် အမြင့်ဆုံးဈေးနှုန်းသတ်မှတ်ခြင်းသည် ရောင်းချသူများကို အားပေးရာမရောက်သလို ကုန်ပစ္စည်းရောင်းချလိုမှု အရေအတွက်ကိုလည်း လျော့ကျစေသဖြင့် ကုန်ပစ္စည်းပြတ်လပ်သည့် အခြေအနေဖြစ်စေကြောင်း၊ ကိုဗစ်-၁၉ ကူးစက် ရောဂါဖြစ်ပွားပြီး များမကြာမီ ယင်းကာလ၌ သမ္မတအဖြစ် ထမ်းဆောင်ခဲ့သည့် သမ္မတဟောင်း ဒေါ်နယ်ထရမ့်က ဆေးပစ္စည်းများနှင့် ပတ်သက်၍ ဈေးနှုန်းမြင့်တက်မှုကိုတားဆီးရန် သမ္မတအမိန့် တစ်ရပ်ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။

သမ္မတလောင်းကင်မလာဟဲရစ်က ၎င်းအနေဖြင့် စီးပွားရေးလုပ်ငန်းများ၏ ယှဉ်ပြိုင်မှုတိုးတက်စေလိုကြောင်းနှင့် ၎င်း၏အစီအစဉ်များတွင် အကျပ်အတည်းကာလ၌ အခွင့်ကောင်းယူ၍ ဈေးနှုန်းတိုးမြှင့်သည့်ကုမ္ပဏီများနှင့် ဥပဒေချိုးဖောက်သည့်ကုမ္ပဏီများကို ပြစ်ဒဏ်အသစ်ချမှတ်မှုများပါဝင်မည်ဖြစ်ပြီး ဥပဒေနှင့်အညီလုပ်ကိုင်သည့် အသေးစား စားသောက်ကုန်လုပ်ငန်းများကို ပံ့ပိုးပေးသွားမည်ဟု ယခင်ရက်သတ္တပတ်တွင် ပြောကြားခဲ့ကြောင်းသိရှိရပါ သည်။  

အမေရိကန်သမ္မတလောင်းများ၏ ကုန်သွယ်ရေးမူဝါဒများနှင့် ပတ်သက်၍ စီးပွားရေးလုပ်ငန်းများ၏ ကြိုတင်ပြင်ဆင်မှုများကို သိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။

 

 

Source: https://www.wsj.com/economy/consumers/kamala-harris-wants-to-ban-price-gouging-what-do-economists-say-690ef7e6?mod=economy_lead_story

(စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ)

Category: International News