ဥရောပသမဂ္ဂ(EU)သည် ၎င်း၏ ပြည်တွင်းစိုက်ပျိုးသူများနှင့် ဆန်စက်လုပ်ငန်းရှင်များကို ကာကွယ်ရန်အတွက် အိန္ဒိယနိုင်ငံ၊ ပါကစ္စတန်နိုင်ငံနှင့် အခြားအာရှနိုင်ငံများမှ ဆန်တင်သွင်းမှုကို ကန့်သတ်ရန်ပြင်ဆင်လျက်ရှိကြောင်း သိရသည်။ အိန္ဒိယနိုင်ငံနှင့် လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက်(FTA)အတွက် ဆွေးနွေးမှုများဆက်လက်လုပ်ဆောင် နေသော်လည်း ဥရောပသမဂ္ဂကောင်စီနှင့် ပါလီမန်တို့သည် "သီးခြားအလိုအလျောက်အကာအကွယ်ပေးရေးယန္တရား"(“Specific automatic safeguard mechanism”)ကို မိတ်ဆက်ရန် ယာယီသဘောတူညီချက်ရရှိခဲ့ကြောင်း သိရ သည်။
၂၀၂၇ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်အကျိုးသက်ရောက်မည့် အဆိုပါအစီအမံအရ သက်ဆိုင်ရာနိုင်ငံများမှ ဥရောပသမဂ္ဂနိုင်ငံများသို့ တင်သွင်းလာသော သွင်းကုန်ပမာဏသည် ယခင်က တင်ပို့ထားသည့် ပျမ်းမျှပမာဏထက် ကျော်လွန်ပါက အကောက်ခွန်စည်းကြပ်မှုများကို စတင်ဆောင်ရွက်မည်ဖြစ်ပြီး၊ ဥရောပဈေးကွက်ကို တင်သွင်းမှုများ ရုတ်တရက်မြင့်တက်လာသည့် အန္တရာယ်မှ ကာကွယ်ပေးမည်ဖြစ် ကြောင်း သိရသည်။
အဆိုပါမူဝါဒအသစ်သည် Basmati နှင့် Non-Basmati ဆန်အမျိုးအစားနှစ်မျိုးလုံးကို အထူးရည်ရွယ်ထားကြောင်းတွေ့ရှိရသည်။ဥရောပသမဂ္ဂ၏စာရွက်စာတမ်းများအရ တတိယနိုင်ငံများ—အဓိကအားဖြင့် အိန္ဒိယ၊ ပါကစ္စတန်၊ မြန်မာနှင့် ကမ္ဘောဒီးယားတို့မှ တင်သွင်းမှုစုစုပေါင်းသည် တန်ချိန် ၁ ဒသမ ၅ သန်းအထိရောက်ရှိမည်ဟု ခန့်မှန်းထားကြောင်းနှင့် EBA(“လက်နက်မှလွဲ၍ အားလုံး” တင်ပို့နိုင်သည့်) နိုင်ငံများ—အဓိကအားဖြင့် မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ ဆန်တင်သွင်းမှုသည် ပင် တန်ချိန် ၁၀ သိန်း(၁ သန်း)ခန့်ရှိသည်ဟု ခန့်မှန်းထားသည်။ အဆိုပါ EBA နိုင်ငံများသည် ဆန်အမျိုးအစားအားလုံးနှင့် ထုတ်လုပ်မှုအဆင့်အားလုံးအတွက် ဦးစားပေးသုညရာခိုင်နှုန်းအကောက်ခွန်ကို ခံစားခွင့်ရရှိနေကြသည်ဟု ဖော်ပြထားသည်။
ဥရောပအရာရှိများအနေဖြင့် ဈေးကွက်ပုံသဏ္ဍန်ပျက်ယွင်းမှုများအပြင် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် အဆိုပါဒေသများမှ တင်သွင်းသော ကုန်စည်များတွင် Tricyclazole ကဲ့သို့သောဓာတုဗေဒပစ္စည်းများအလွန် အကျွံပါဝင်မှုဆိုင်ရာ စိုးရိမ်ပူပန်မှုများကို ကိုးကား၍ ၎င်းတို့၏ ကုန်သွယ်မှုကာကွယ်ရေးဆိုင်ရာ ရပ်တည်ချက်ကို တရားမျှတသည်ဟု ပြောကြားခဲ့သည်။
သို့သော် အဆိုပါလုပ်ဆောင်ချက်သည် ဥရောပဈေးကွက်ကို လွတ်လပ်သောကုန်သွယ်မှုပတ်ဝန်းကျင်မှ လူနည်းစုက ဈေးကွက်ကို ထိန်းချုပ်ထားသောဈေးကွက်ပုံစံ(Oligopolistic one) သို့ ပြောင်းလဲသွားစေမည်ဖြစ်ပြီး၊ထုပ်ပိုးထားသောဆန်နှင့် အခွံချွတ်ထားသောဆန်အမျိုးအစားကို တင်ပို့သည့် အိန္ဒိယကဲ့သို့အာရှနိုင်ငံများ၏ အကျိုးအမြတ်ကို ထိခိုက်စေကာ ဥရောပသမဂ္ဂရှိ ဆန်ရောင်းဝယ်ဖေါက်ကားသူအနည်းငယ်သာ အကျိုးခံစားရမည်ဖြစ်ကြောင်း စီးပွားရေးလေ့လာဆန်းစစ်သူများက သတိပေးခဲ့သည်။
ဥရောပဆန်စက်လုပ်ငန်းရှင်များအဖွဲ့ချုပ်(FERM)သည် ပြည်တွင်း၌ ပြုပြင်ထုတ်လုပ်မှုကို အားပေးရန်အတွက် ကုန်ချောပစ္စည်းများအပေါ် ပိုမိုမြင့်မားသော အခွန်ကောက်ခံမှုများပြုလုပ်ရန် တက်ကြွစွာလှုံ့ဆော်လျက်ရှိကြောင်း သိရသည်။ အဆိုပါချဉ်းကပ်မှုသည် လွန်ခဲ့သော နှစ် ၂၀ အတွင်း ပြည်တွင်းထုတ်လုပ်မှု ၁၀ ရာခိုင်နှုန်းကျဆင်းခဲ့သော်လည်း အီတလီနှင့် စပိန်တို့က လွှမ်းမိုးထားသော ဥရောပသမဂ္ဂ၏ ဆန်ကဏ္ဍကို မြှင့်တင်ရန် ရည်ရွယ်ကြောင်း တွေ့ရှိရသည်။
အိန္ဒိယတင်ပို့သူများအတွက်မူ ၎င်းသည် သိသာထင်ရှားသော အတား အဆီးတစ်ခုကို ဖန်တီးပေးပြီး ကြီးမားသောကုမ္ပဏီများကို ဥရောပအတွင်း၌ ပြုပြင်ထုတ်လုပ်မှုယူနစ်များ တည်ထောင်ရန် တွန်းအားပေးနိုင်ကြောင်းသိရသည်။ အိန္ဒိယဆန်ကဏ္ဍ ကျွမ်းကျင်သူများက အဆိုပါအကာအကွယ်ပေးရေး အစီအမံအသစ်များဆိုင်ရာ ဥပဒေတစ်ရပ်မဖြစ်ပေါ်လာမီ ၎င်းတို့၏ပို့ကုန်အကျိုးစီးပွားများကို ကာကွယ်ရန်နှင့် စည်းကမ်းချက်များညှိနှိုင်းရန်အတွက် လက်ရှိအိန္ဒိယ-ဥရောပသမဂ္ဂ FTA ဆွေးနွေးပွဲများကို အသုံးချရန် အကြံပြုခဲ့ကြောင်း သိရသည်။
Source: The Hindu Businessline, EU poised to curb rice imports from India, Pakistan and other Asian nations, December 11, 2025.
(ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)