ဝန်ကြီးချုပ် Narendra Modi ဦးဆောင်သော ပြည်ထောင်စုအစိုးရအဖွဲ့သည် အိန္ဒိယနိုင်ငံနှင့် အိုမန်နိုင်ငံတို့အကြား လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက်(FTA)ကို ယခုလ ၁၂ ရက်(သောကြာနေ့)တွင် အတည်ပြုခဲ့ကြောင်းသိရသည်။ အဆိုပါနှစ်နိုင်ငံကုန်သွယ်ရေးသဘော တူညီချက်သည် နိုင်ငံနှစ်ခုအကြား စီးပွားရေးဆက်ဆံမှုများကို ပိုမိုနက်ရှိုင်းစေပြီး ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအတွက် လမ်းကြောင်းသစ်များကို ဖွင့်လှစ်ပေးမည်ဟု မျှော်မှန်းထားကြောင်း Economic Times သတင်းဌာနက ယခုလ ၁၂ ရက်က ဖော်ပြသည်။
ဝန်ကြီးချုပ် Modi သည် ဒီဇင်ဘာလ ၁၅ ရက်နေ့မှစ၍ ဂျော်ဒန်နိုင်ငံ၊ အီသီယိုးပီးယားနိုင်ငံနှင့် အိုမန်နိုင်ငံများသို့ လေးရက်ကြာ ခရီးစဉ်သွားရောက်မည်ဟု သိရသည်။ ၎င်းသည် ဝန်ကြီးချုပ်၏ အိုမန်နိုင်ငံသို့ ဒုတိယအကြိမ်အလည်အပတ်သွားရောက်ခြင်းဖြစ်ပြီး နိုင်ငံနှစ်ခုသည် ရာစုနှစ်များစွာ ကြာမြင့်ပြီဖြစ်သော ချစ်ကြည်ရင်းနှီးမှု၊ ကုန်သွယ်ရေးဆက်စပ်မှုများနှင့် ခိုင်မာသော ပြည်သူအချင်းချင်းဆက်ဆံမှုများဖြင့် ထောက်ခံထားသည့် ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို မျှဝေထားကြောင်း သိရသည်။
အဆိုပါအတည်ပြုချက်သည် အိုမန်နိုင်ငံအောက်လွှတ်တော်ဖြစ်သော Shura Council က အိန္ဒိယနိုင်ငံနှင့် ၎င်းတို့၏ FTA ကို အတည်ပြုပြီးနောက် တစ်ရက်အကြာတွင် ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သိရသည်။ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဘက်စုံသဘောတူညီချက်(Compre hen sive Economic Partnership Agreement-CEPA)ဟုတရားဝင်ခေါ်ဆိုသည့် အဆိုပါကုန်သွယ်ရေးသဘောတူညီချက် အတွက် ဆွေးနွေးပွဲများကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် တရားဝင်စတင်ခဲ့ကြောင်း သိရသည်။
အိုမန်နိုင်ငံသည် ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးကောင်စီ(GCC) နိုင်ငံများအနက် အိန္ဒိယ ကုန်သည်များအတွက် တတိယအကြီးဆုံးပို့ကုန်ဈေးကွက်ဖြစ်ကြောင်း တွေ့ရှိရသည်။ ယခုလ ၁၀ ရက်(ဗုဒ္ဓဟူးနေ့) တွင် ကုန်သွယ်ရေးဝန်ကြီးဌာနက သက်ဆိုင်ရာအာဏာပိုင်အဖွဲ့၏ အတည်ပြုချက်ရရှိပြီးနောက် လက်မှတ်ရေးထိုးရန်နှင့် အတည်ပြုရန်အတွက် အစိုးရအဖွဲ့၏မှတ်တမ်းမူကြမ်းကို သက်ဆိုင်ရာဝန်ကြီး ဌာနများသို့ ဖြန့်ဝေခဲ့ကြောင်း ပြောကြားခဲ့သည်။ ယခုအခါ နှစ်ဖက်စလုံးသည် ပြည်တွင်းအတည်ပြုချက်များရယူနေဆဲဖြစ်ကြောင်း PTI သတင်းဌာနက ဖော်ပြသည်။
Shura Council သို့မဟုတ် Majlis A'Shura သည် ဗုဒ္ဓဟူးနေ့တွင် CEPA မူကြမ်းနှင့်ပတ်သက်သည့် ၎င်းတို့၏ဆွေးနွေးမှုများကို ပြုလုပ်ခဲ့ကြောင်းသိရသည်။ ဆွေးနွေးမှုများပြီးဆုံးချိန်တွင် ကောင်စီက လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက်ကို အတည်ပြုခဲ့ကြောင်း သိရသည်။
PTI သတင်းအရ ၂၀၂၄-၂၅ ဘဏ္ဍာနှစ်တွင် အိန္ဒိယ-အိုမန်နှစ်နိုင်ငံကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၅ ဘီလီယံဝန်းကျင်(ပို့ကုန်အမေရိကန်ဒေါ်လာ ၄ ဘီလီယံနှင့် သွင်းကုန်အမေရိကန်ဒေါ်လာ ၆ ဒသမ ၅၄ ဘီလီယံ)ရှိခဲ့ကြောင်းသိရသည်။ အိန္ဒိယနိုင်ငံ၏ အဓိကသွင်းကုန်များမှာ စုစုပေါင်းသွင်းကုန်၏ ၇၀ ရာခိုင်နှုန်းကျော်ရှိသော ရေနံထွက်ပစ္စည်းများနှင့် ယူရီးယားဓာတ်မြေဩဇာများဖြစ်ကြောင်းတွေ့ရှိရသည်။ အခြားသောအဓိကထုတ်ကုန်များမှာ Propylene နှင့် Ethylene polymers၊ Pet coke၊ Gypsum၊ ဓာတုပစ္စည်းများ၊ သံနှင့် သံမဏိနှင့် သန့်စင်ပြီးသားမဟုတ်သော အလူမီနီယမ်များဖြစ်ကြောင်း တွေ့ရှိရသည်။
အိန္ဒိယနိုင်ငံ၏ လက်ရှိကုန်သွယ်ရေးမူဝါဒသည် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုကဏ္ဍတွင် ၎င်း၏အခန်းကဏ္ဍကို ခိုင်မာစေရန်အတွက် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးသဘောတူညီချက်များ(Bilateral FTAs)ကို အရှိန်အဟုန်ဖြင့်ချုပ်ဆိုခြင်းဖြင့် ကုန်သွယ်မှုကဏ္ဍကို ဘက်ပေါင်းစုံမှ ချဲ့ထွင်ရန် ကြိုးပမ်းလျက်ရှိကြောင်းတွေ့ရှိရပါသည်။ ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု(RCEP)ကဲ့သို့သော ဘက်ပေါင်းစုံသဘောတူညီချက်များထက် အဓိကစီးပွားရေးမိတ်ဖက်များနှင့် သီးခြားနှစ်နိုင်ငံသဘောတူညီချက်များ(CEPA/FTA)ကို ပိုမိုအဓိကထားဆောင်ရွက်လျက်ရှိပါသည်။ မကြာသေးမီကပင် ကနေဒါနိုင်ငံနှင့် ၇ ကြိမ်မြောက်ဝန်ကြီးအဆင့်ဆွေးနွေးပွဲ(MDTI)ကို အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့သလို အမေရိကန်ပြည်ထောင်စုနှင့် နှစ်နိုင်ငံကုန်သွယ်ရေးသဘောတူညီချက်(BTA)ကို ပထမဆုံးလက်မှတ်ရေးထိုးနိုင်သည့် နိုင်ငံဖြစ်လာနိုင်ကြောင်း သုံးသပ်ပြောဆိုမှုများလည်းရှိနေပါသည်။
Source: Economic Times, Cabinet approves India-Oman FTA ahead of Modi's visit, December 12, 2025.
(ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)