တရုတ်နိုင်ငံသည် ပြည်ပမှ အစားအစာထုတ်လုပ်တင်ပို့သူများအတွက် မှတ်ပုံတင်ခြင်းဆိုင်ရာ စည်းမျဉ်းအသစ်များကို ယခုနှစ် ဇွန်လမှစ၍ အကောင်အထည်ဖော်မည်ဟု အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့(GACC)က ကြေညာခဲ့ကြောင်း ဆင်ဟွာသတင်း၌ ဖော်ပြထားပါသည်။
စည်းမျဉ်းသစ်များအရ GACC သည် မှတ်ပုံတင်ရန်လိုအပ်သော ပြည်ပမှ တင်သွင်းသည့် အစားအစာစာရင်း၊ မှတ်ပုံတင်ခြင်းကို အလိုအလျောက်သက်တမ်းတိုးခြင်းမရှိသော ပြည်ပမှ တင်သွင်းသည့် အစားအစာစာရင်းနှင့် မှတ်ပုံတင်ရမည့် ပြည်ပမှ အစားအစာသိုလှောင်သည့် လုပ်ငန်းများကို ဆုံးဖြတ်မည်ဖြစ်ကြောင်း သိရသည်။
ဤဆုံးဖြတ်ချက်များကို နိုင်ငံတကာလုပ်ငန်းစဉ်များနှင့်အညီ ကုန်ကြမ်းရင်းမြစ်များ၊ ထုတ်လုပ်မှုနှင့် ပြုပြင်ထုတ်လုပ်သည့် နည်းစနစ်များ၊ အစားအစာဘေးကင်းရေးမှတ်တမ်းများ၊ အဓိကစားသုံးသူအုပ်စုများနှင့် စားသုံးမှုနည်းလမ်းများအပေါ်အခြေခံ၍ အကဲဖြတ်သွားမည်ဖြစ် ကြောင်း သိရသည်။
မှတ်ပုံတင်ခြင်းသည် ၅ နှစ်သက်တမ်းရှိမည်ဖြစ်ပြီး စည်းကမ်းချက်များကို ချိုးဖောက်ခြင်းမရှိပါက နောက်ထပ် ၅ နှစ်အတွက် အလိုအလျောက်သက်တမ်းတိုးပေးမည်ဖြစ်ကြောင်း သိရသည်။
Source: https://english.news.cn/20260319/9542ab3720f94eef92cbb8e3ebba8204/c.html
(ကေခိုင်ကျော်၊ စီးပွားရေးသံမှူး၊ နန်နင်းမြို့)