စက်ရုံအချို့တွင် လောင်စာဆီပြတ်လပ်သွားပြီးနောက် နိုင်ငံတွင်း၌ အရန်သိုလှောင်မှု ၁၀၁ ရက်အတွက်ရှိကြောင်း စွမ်းအင်လုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Mr. Sarawut Kaewtathip က အခိုင် အမာပြောကြားခဲ့ပြီး ပြတ်တောက်သွားသည့်သတင်းများထွက်ပေါ်လာခဲ့ခြင်းအတွက် တောင်းပန်ခဲ့ကြောင်း သိရှိရပါသည်။
ထိုင်းနိုင်ငံတွင် လောင်စာဆီသိုလှောင်မှုအနည်းဆုံးရက်ပေါင်း ၁၀၁ ရက်အတွက် ရှိနေသေးပြီး ပို့ဆောင်မှုအရှိန်မြှင့်ရန်နှင့် သိုလှောင်မှုတားဆီးရန်လုပ်ဆောင်နေကြောင်း၊ ထိုင်းနိုင်ငံ၏ စွမ်းအင်အခြေအနေနှင့်ပတ်သက်ပြီး နောက်ဆုံးရှင်းလင်းတင်ပြမှုနှင့်ပတ်သက်၍ ရှုပ်ထွေးမှုများနှင့် အနှောင့်အယှက်များဖြစ်စေပြီးနောက် အများပြည်သူကို တောင်းပန်ခဲ့ကြောင်း၊ ထိုင်းနိုင်ငံတွင် ၁၀၁ ရက်ထက် မနည်းသော လောင်စာဆီသိုလှောင်မှုရှိနေသေးသည်ကို အလေးပေးပြောကြားခဲ့ကြောင်း၊ စက်သုံးဆီသန့်စင်စက်ရုံများတွင် လုပ်ငန်းလည်ပတ်မှုမရပ်တန့်သွားရန် လောင်စာဆီများ ပိုမိုလျင်မြန်စွာပို့ဆောင်နိုင်စေရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ရဲတပ်ဖွဲ့နှင့် ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးအဖွဲ့(BMA)တို့နှင့်အတူ အမြန်ဆုံးညှိနှိုင်းဆောင်ရွက်နေကြောင်း၊ ကုန်ပစ္စည်းသိုလှောင်မှုကိုတားဆီးရန် ဦးစီးဌာနသည် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံအတွင်း၌ အရန်လုံလောက်မှုရှိသဖြင့် ပြည်သူများသည် ပုံမှန်အတိုင်းလုပ်ငန်းများကို လည်ပတ်သွားရန်မေတ္တာရပ်ခံလိုကြောင်း ညွှန်ကြားရေးမှူးချုပ် Mr. Sarawut က ဖြည့်စွက်ပြောကြားခဲ့သည်။
ဝန်ကြီးချုပ်သည် အခြေအနေကိုဖြေရှင်းရန် သက်ဆိုင်ရာအေဂျင်စီများကိုခေါ်ယူခဲ့ပြီး လောင်စာဆီလုံလောက်စွာရှိနေကြောင်း အတည်ပြုရန် အစောပိုင်းတွင် စွမ်းအင်ဝန်ကြီးဌာနကို တောင်းဆိုခဲ့ကြောင်း၊ စွမ်းအင်ဝန်ကြီးဌာနနှင့် PTT Plc တို့သည် ၂၀၂၆ ခုနှစ် မတ်လ ၁၆ ရက်နေ့မှ အချက် အလက်များအပေါ်အခြေခံ၍ ထိုင်းနိုင်ငံတွင် လောင်စာဆီ ၉၆ ရက်ကြာထောက်ပံ့နိုင်ခဲ့ပြီး အရန်သိုလှောင်မှုကျန်ရှိနေသေးကြောင်း၊ ဝန်ဆောင်မှုဌာနအချို့ကိုထိခိုက်စေသည့် အဓိကပြဿနာမှာ လောင်စာ ဆီမရှိခြင်းထက် ပို့ဆောင်မှုနှောင့်နှေးခြင်းဖြစ်ကြောင်း၊ Shell ၊ PTT၊ Susco၊ Bangchak နှင့် Caltex ကဲ့သို့သော အဓိကအမှတ်တံဆိပ်စက်သုံးဆီအရောင်းဆိုင်များမှာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၁၀,၀၀၀ ဝန်းကျင်ရှိပြီး အမှတ်တံဆိပ်မဟုတ်သော ဘူတာရုံ ၂၃,၀၀၀ ခန့်နှင့် ကျေးရွာငယ်“ပန့်ဆိုင်များ”တွင် လောင်စာဆီရောင်းချရန်မရှိကြောင်း၊ ရလဒ်အနေဖြင့် မော်တော်ကားအများအပြားသည် အဓိကအမှတ်တံဆိပ်အရောင်းဆိုင်များဆီသို့ ပြောင်းရွှေ့ရောက်ရှိလာကြပြီး အချို့သောဆိုင်များကို ဖြတ်တောက်ပိတ်ပစ်ခြင်း သို့မဟုတ် အချို့သောလောင်စာဆီအမျိုးအစားများကုန်ခမ်းသွားစေခြင်းတို့ကို ဖြစ်စေခဲ့ကြောင်း ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးဝန်ကြီး Phiphat Ratchak-itprakarn က ဖြည့်စွက်ပြောကြားခဲ့သည်။
လိုက်နာဆောင်ရွက်သင့်သည့် အစီအမံများအပါအဝင် အစိုးရအဖွဲ့အစည်းအဝေးတွင် အဖြေရှာဆွေးနွေးမည်ဖြစ်ကြောင်း၊ လောင်စာဆီဈေးနှုန်းမူဝါဒအပေါ် တာဝန်ရှိသူများက မတ်လ ၁၈ ရက်နေ့ ညနေပိုင်းတွင်တွေ့ဆုံမည်ဖြစ်ပြီး ၂၀၂၆ ခုနှစ် မတ်လ ၁၈ ရက်နေ့မှ စတင်ကာ ဓာတ်ဆီနှင့်ဒီဇယ်စျေးနှုန်းများကို ချိန်ညှိသွားမည်ဖြစ်ကြောင်း၊ ဓာတ်ဆီ ဈေးသည် လွန်ခဲ့သည့်တစ်ပတ်မှ နှစ်ပတ်အတွင်း မြင့်တက်လာလျက်ရှိပြီး မတ်လ ၁၈ ရက်နေ့မှစတင်၍ ဒီဇယ်ဆီဈေးမြင့်တက်လာမည်ဖြစ် ကြောင်း၊ မြင့်တက်မည့်နှုန်းမှာ ဒသမကိန်းဂဏန်းသာဖြစ်ပြီး တစ်ဘတ်မျှပင် တက်မည်မဟုတ်ရာ ဒီဇယ်တစ်လီတာလျှင် ၃၃ ဘတ်အောက်ထားရှိရန် အစိုးရက ရည်မှန်းထားကြောင်း၊ ဝန်ကြီးချုပ် Anutin ၏ ပထမဆုံးလေးလတာကာလအတွင်း ဒီဇယ်ဈေးသည် ယခင် ၃၄.၉၄ ဘတ်မှ ၃၂ ဘတ်သို့ ကျဆင်းသွားခဲ့ပြီး ယခင်အစိုးရများက ဒီဇယ်ကို ၃၅ ဘတ်ဝန်းကျင်မှ လျှော့ချခဲ့ကြောင်း၊ ဆက်လက်၍ ဈေးနှုန်းများကို ဖြည်းဖြည်းချင်းပြုပြင်ပြောင်းလဲရန် လိုအပ်ကြောင်း ဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံသည် လောင်စာဆီရောစပ်မှုပြုပြင်ပြောင်းလဲမှုဆီသို့ ဦးတည်သွားမည်ဖြစ်ကြောင်း၊ ဓာတ်ဆီသည် E10၊ E20 နှင့် E85 တို့ဖြင့် ဖွဲ့စည်းထားပြီးဖြစ်ပြီး၊ ဒီဇယ်ရောစပ်ပြောင်းလဲမှုများသည် ဈေးနှုန်းချိန်ညှိမှုနှင့်အတူ အလားတူချဉ်းကပ်မှုအတိုင်းလုပ်ဆောင်မည်ဖြစ်ကြောင်း၊ B20 သည် B7 ထက် ၄ ဘတ်မှ ၅ ဘတ်စျေးသက်သာမည်ဟု ကနဦးခန့်မှန်းချက်ဖြင့် B20 ဒီဇယ်သည် စက်မှုလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးနှင့် စိုက်ပျိုးရေးသို့ဦးတည်သွားရန် ခန့်မှန်းထားသော်လည်း ၎င်းသည် ခန့်မှန်းချက်တစ်ခုအဖြစ် ကျန်ရှိနေဆဲဖြစ်ပြီး မပြီးပြတ်သေးကြောင်း ပို့ဆောင်ရေးဝန်ကြီး Phiphat က ဖြည့်စွက် ပြောကြားခဲ့သည်။
Source https://www.nationthailand.com/news/general/40063901
(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)