အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နှင့် ဂျပန်ဝန်ကြီးချုပ် Ms. TAKAICHI Sanae တို့သည် ၂၀၂၆ ခုနှစ်၊ မတ်လ ၁၉ ရက်တွင် ဝါရှင်တန်မြို့၌ တွေ့ဆုံခဲ့ကြပြီး အမေရိကန်-ဂျပန်မဟာဗျူဟာမြောက် ရင်းနှီးမြှုပ်နှံမှု (U.S. – Japan Strategic Investment)အောက်တွင် ပထမအသုတ်နှင့် ဒုတိယအသုတ်စီမံကိန်းများကို သဘောတူညီခဲ့ကြောင်း အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါသည်။
အမေရိကန်-ဂျပန်မဟာဗျူဟာမြောက်ရင်းနှီးမြှုပ်နှံမှုအောက်တွင် ပထမအသုတ်စီမံကိန်းများအဖြစ် အမေရိကန်ဒေါ်လာသန်း(၆၀၀)ခန့်တန်ဖိုးရှိ စက်မှုလုပ်ငန်းသုံးစိန်ထုတ်လုပ်မှုစီမံကိန်း၊ အမေရိကန်ဒေါ်လာ(၂.၁)ဘီလီယံခန့်တန်ဖိုးရှိ အမေရိကန်ရေနံစိမ်းတင်ပို့မှုစီမံကိန်းနှင့် အမေရိကန်ဒေါ်လာ(၃၃.၃)ဘီလီယံခန့်တန်ဖိုးရှိ သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုစီမံကိန်းတို့ဖြစ်ကြောင်း၊ ဒုတိယအသုတ်စီမံကိန်းများအဖြစ် အမေရိကန်ဒေါ်လာ(၄၀)ဘီလီယံခန့်တန်ဖိုးရှိ Small Modular Reactors (SMRs) စီမံကိန်း၊ အမေရိကန်ဒေါ်လာ(၁၇)ဘီလီယံခန့်တန်ဖိုးရှိ ပင်ဆယ်ဗေးနီးယားပြည်နယ်၌ သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုစီမံကိန်းနှင့် အမေရိကန်ဒေါ်လာ(၁၆)ဘီလီယံခန့်တန်ဖိုးရှိ တက္ကဆက်ပြည်နယ်၌ သဘာဝ ဓာတ်ငွေ့ထုတ်လုပ်မှုစီမံကိန်းတို့ဖြစ်ကြောင်းနှင့် အမေရိကန်နှင့် ဂျပန်အစိုးရအနေဖြင့် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည့် နားလည်မှုစာချွန်လွှာနှင့်အညီ အဆိုပါစီမံကိန်းများအပေါ် အတူတကွပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရင်းနှီး မြှုပ်နှံမှုစီမံကိန်းများသည် နှစ်နိုင်ငံစီးပွားရေး၊ လုံခြုံရေးနှင့် စီးပွားရေးတိုးတက်မှုကိုဖြစ်စေနိုင်ပြီး အမေရိကန်-ဂျပန်ပူးပေါင်းဆောင်ရွက်မှု၏ ရွှေခေတ်သစ်သို့ရောက်ရှိစေရန် ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်းနှင့် နှစ်နိုင်ငံအကြား အရေးပါသည့် တွင်းထွက်သတ္တုထောက်ပံ့ရေးကွင်းဆက် ပိုမိုခိုင်မာစေရန် ကတိကဝတ်ပြုဆောင်ရွက်သွားမည်ဖြစ်ကြောင်းဖြင့် ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပါသည်။