International News

ယူအေအီးနိုင်ငံသည် ၂၀၂၆ ခုနှစ်အကုန်တွင် ဘက်စုံစီးပွားရေးမိတ်ဖက်သဘောတူညီချက် ၇ ခုအထိ အပြီးသတ်ချုပ်ဆိုနိုင်မည်ဟု ပြည်ပကုန်သွယ်ရေးဝန်ကြီးပြောကြား

Last Updated:

ယူအေအီးနိုင်ငံအနေဖြင့် ကမ္ဘာတစ်ဝန်းကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆက်ဆံရေးတိုးချဲ့ရန်ကြိုးပမ်းလျက်ရှိပြီး၊ ယခုနှစ်အတွင်း ကုန်သွယ်ဖက်နိုင်ငံများနှင့် ဘက်စုံစီးပွားရေးမိတ်ဖက်သဘောတူညီချက်(Comprehensive Economic Partnership Agreement-CEPA)၅ ခုမှ ၇ ခုအထိ ဆွေးနွေးညှိနှိုင်းမှုများအပြီးသတ်နိုင်မည်ဟု မျှော်လင့်ထားကြောင်း ယူအေအီးပြည်ပကုန်သွယ်ရေးဝန်ကြီး Dr Thani Al Zeyoudi က ပြောကြားခဲ့သည်ဟု သိရပါသည်။

ကနေဒါနိုင်ငံနှင့် ဆွေးနွေးမှုများပြီးစီးရန်နီးကပ်နေပြီဖြစ်သလို ရဝမ်ဒါ၊ ဂါနာနှင့် ဇမ်ဘီယာတို့ပါဝင်သည့် အာဖရိကနိုင်ငံများနှင့်ဆွေးနွေးမှုများမှာလည်း နောက်ဆုံးအဆင့်သို့ရောက်ရှိနေပြီဖြစ်ကြောင်း Dr Thani Al Zeyoudi က ပြောကြားခဲ့ခြင်းဖြစ်ပါသည်။ ထို့အပြင် ယူအေအီးနိုင်ငံသည် တောင်အမေရိကရှိ ပီရူးနိုင်ငံအပါ အဝင် အာရှတွင် စီးပွားရေးအလျင်မြန်ဆုံးတိုးတက်နေသည့်နိုင်ငံများအနက် တစ်ခု ဖြစ်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်လည်း CEPA အတွက် ဆွေးနွေးနေပြီး၊ သဘော တူညီချက်နှစ်ခုစလုံးမှာ တိုးတက်မှုကောင်းများရရှိနေကြောင်း သိရပါသည်။

ယူအေအီးနိုင်ငံသည် ကုန်သွယ်ဖက်နိုင်ငံများနှင့် ဘက်စုံစီးပွားရေးမိတ်ဖက်သဘော တူညီချက် ၃၇ ခုလက်မှတ်ရေးထိုးထားသည့်အနက် ၁၈ ခုမှာ စတင်အသက်ဝင်နေပြီဖြစ်ပြီး၊ နောက်ဆုံးအဖြစ် ပြီးခဲ့သည့်ဇွန်လတွင် ယူကရိန်းနိုင်ငံနှင့် သဘောတူညီချက်စတင်အသက်ဝင်ခဲ့ပါသည်။ အိန္ဒိယ၊ တူကီယဲ၊ ဂျော်ဒန်၊ ဆားဘီးယား၊ ဗီယက် နမ်တို့နှင့်ချုပ်ဆိုထားသည့် CEPA သဘောတူညီချက်များမှာလည်း စတင်အသက် ဝင်နေပြီဖြစ်ကြောင်း သိရပါသည်။

ယူအေအီးနိုင်ငံ၏ ဘက်စုံစီးပွားရေးမိတ်ဖက်သဘောတူညီချက်များ လျင်မြန်စွာတိုးတက်လျက်ရှိသော်လည်း ဥရောပသမဂ္ဂနှင့် ယူအေအီးနှစ်နိုင်ငံကုန်သွယ်ရေးသဘောတူညီချက်မှာမူ နှေးကွေးလျက်ရှိကြောင်း၊ ဥရောပသမဂ္ဂနှင့် ကုန်သွယ်ရေးသဘောတူညီချက်ဆွေးနွေးပွဲ၏ သတ္တမအဆင့်ပြီးဆုံးသွားခဲ့သော်လည်း အခြားနိုင်ငံများနှင့်ပြုလုပ်သည့် နှစ်နိုင်ငံဆွေးနွေးပွဲများနှင့်နှိုင်းယှဉ်ပါက မျှော်မှန်းထား သည်ထက် ပိုမိုနှေးကွေးနေဆဲဖြစ်ကြောင်း Dr Thani Al Zeyoudi က ပြောကြားခဲ့ ပါသည်။

အာရပ်ကမ္ဘာ၏ ဒုတိယအကြီးဆုံးစီးပွားရေးနိုင်ငံဖြစ်သည့် ယူအေအီးသည် ရင်းနှီး မြှုပ်နှံမှုအချိတ်အဆက်များမြှင့်တင်ရန်၊ ရေနံမဟုတ်သော စီးပွားရေးအုတ်မြစ်တိုးချဲ့ရန်နှင့် ပို့ကုန်များပိုမိုကျယ်ပြန့်စေရန်ရည်ရွယ်၍ တိုက်ကြီးအသီးသီးရှိ ကုန်သွယ်ဖက်များနှင့် စီးပွားရေးမိတ်ဖက်သဘောတူညီချက်များချုပ်ဆိုရေး တွန်းအားပေးလျက်ရှိပါသည်။ ယူအေအီးနိုင်ငံသည် အမျိုးသားစီးပွားရေး ရည်မှန်းချက်များ၏ အစိတ်အပိုင်းတစ်ခုအဖြစ် ၂၀၃၁ ခုနှစ်တွင် ရေနံမဟုတ်သော နိုင်ငံခြားကုန်သွယ်မှု ပမာဏ ဒါဟမ်း ၄ ထရီလီယံ(အမေရိကန်ဒေါ်လာ ၁.၀၈၉ ထရီလီယံ)အထိမြှင့်တင်ရန် ရည်မှန်းထားကြောင်း သိရပါသည်။

Source: https://www.thenationalnews.com/business/economy/2026/07/21/uae-set-to-conclude-up-to-seven-cepas-by-year-end-dr-thani-al-zeyoudi-says/

(ကျော်စိန်ဝင်း၊ စီးပွားရေးသံမှူး၊ အဘူဒါဘီမြို့)

Category: International News