ရုရှားနိုင်ငံ၏နိုင်ငံခြားကုန်သွယ်ရေးဖွဲ့စည်းပုံတွင် အာရှနိုင်ငံများသည် အရေးပါဆုံးကုန်သွယ်ဖက်ဒေသအဖြစ် ဆက်လက်ရပ်တည်နေကြောင်း ရုရှားဖက်ဒရယ်အကောက်ခွန်ဝန်ဆောင်မှု(Federal Customs Service)၏နိုင်ငံခြားကုန်သွယ်ရေး အချက်အလက်များအရ သိရသည်။
၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ မေလအထိ ရုရှားနိုင်ငံ၏ အာရှဒေသနှင့် ကုန်သွယ်မှုပမာဏသည် ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက တိုးတက်လာခဲ့ပြီး၊ အထူး သဖြင့် အာရှနိုင်ငံများသို့ ရုရှား၏ ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၄၁.၅ ဘီလီယံအထိရောက်ရှိခဲ့ကာ ယခင်နှစ်ထက် ၁၄.၅% တိုးတက်ခဲ့သည်။
အာရှဒေသမှ ရုရှားနိုင်ငံသို့ သွင်းကုန်များလည်း ဆက်လက်တိုးတက်လာခဲ့ပြီး ၂၀၂၆ ခုနှစ် ပထမ ၅ လအတွင်း အာရှနိုင်ငံများမှ တင်သွင်းမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၇၉.၆ ဘီလီယံရှိခဲ့ကာ ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ၈.၈% တိုးလာခဲ့သည်။
လက်ရှိတွင် တရုတ်၊ အိန္ဒိယ၊ တူရကီနှင့်အခြားအာရှနိုင်ငံများသည် ရုရှား၏အဓိကကုန်သွယ်ဖက်များအဖြစ် ပိုမိုအရေးပါလာနေပြီး၊ စွမ်းအင်၊ သတ္တု၊ စိုက်ပျိုးရေးထွက်ကုန်များ၊ စက်ပစ္စည်းနှင့် စက်မှုထုတ်ကုန်များကုန်သွယ်မှုများတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့လာနေသည်။
အထူးသဖြင့် အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှုများနှင့် ကုန်သွယ်ရေးကန့်သတ်ချက်များကြောင့် ရုရှားနိုင်ငံသည် အာရှဈေးကွက်များသို့ ကုန်သွယ်ရေးလမ်းကြောင်းများပြောင်းလဲတိုးချဲ့လာခဲ့ပြီး၊ အာရှဒေသသည် ရုရှား၏ပို့ကုန်ဈေးကွက်နှင့် သွင်းကုန်ရင်းမြစ်များအတွက် အဓိကအခန်းကဏ္ဍကို ရယူလာခဲ့သည်။
ရုရှား၏ အဓိကပို့ကုန်များဖြစ်သော ရေနံ၊ သဘာဝဓာတ်ငွေ့၊ ကျောက်မီးသွေး၊ သတ္တုများနှင့် စိုက်ပျိုးရေးထွက်ကုန်များကို အာရှနိုင်ငံများသို့တင်ပို့မှုမြင့်တက်လာနေပြီး၊တစ်ဖက်တွင်လည်း တရုတ်နှင့် အခြားအာရှနိုင်ငံများမှ စက်ပစ္စည်းများ၊ နည်းပညာပစ္စည်းများနှင့် စားသုံးကုန်များတင်သွင်းမှုများ တိုးလာလျက်ရှိသည်။
ထို့ကြောင့် လက်ရှိအခြေအနေတွင် အာရှဈေးကွက်သည် ရုရှားနိုင်ငံ၏ နိုင်ငံခြားကုန်သွယ်ရေးမဟာဗျူဟာတွင် အဓိကအခြေခံတစ်ရပ်ဖြစ်လာပြီး၊ ရုရှား၏ စီးပွား ရေးတည်ငြိမ်မှုနှင့် နိုင်ငံတကာကုန်သွယ်ရေးဆက်လက်ဖွံ့ဖြိုးရေးအတွက် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။
Source : https://tass.com
(အောင်ဖြိုးထွဋ်၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)