International News

ဗီယက်နမ်နိုင်ငံမှ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုနည်းသောဆန်အား ဂျပန်နိုင်ငံသို့ ပထမဦးဆုံးအကြိမ်တင်ပို့

Last Updated:

ဗီယက်နမ်ဆန်စပါးကဏ္ဍအသင်း(VIETRISA)သည် Trung An Hi-tech Agriculture Joint Stock ကုမ္ပဏီနှင့်ပူးပေါင်း၍ ဂျပန်နိုင်ငံသို့ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုနည်းသော ဗီယက်နမ်ဆန်တန်ချိန် ၅၀၀ တင်ပို့ရောင်းချမှုအခမ်း အနားကို ဇွန်လ ၅ ရက်က ဗီယက်နမ်နိုင်ငံတောင်ပိုင်း ကန်သိုမြို့တွင် ကျင်းပခဲ့ကြောင်း သိရှိရပါသည်။

မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသတွင် လက်ရှိအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုနည်းသော အရည်အသွေးမြင့်ဆန်ဟက်တာ ၁ သန်းစီမံကိန်းသည် ဗီယက်နမ်နိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍအတွက်အရေးကြီးသော ခြေလှမ်းသစ်တစ်ရပ်ဖြစ်ကြောင်း သိရှိရပါသည်။

ဗီယက်နမ်နိုင်ငံသည် ကမ္ဘာပေါ်တွင် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုနည်းသော ဆန်များကို နိုင်ငံတကာဈေးကွက်သို့ စတင်မိတ်ဆက်သည့် ပထမဆုံးနိုင်ငံအဖြစ် ရပ်တည်လျက်ရှိကြောင်း ဖော်ပြ ထားပါသည်။

VIETRISA ၏အဆိုအရ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုနည်းသော အစိမ်းရောင်ဗီယက်နမ်ဆန်တံဆိပ်ကို စိုက်ပျိုးရေးနှင့်သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနနှင့် နိုင်ငံ တကာဆန်စပါးသုတေသနဌာန(IRRI)၊ နယ်သာလန်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့(SNV) နှင့်ကမ္ဘာ့ဘဏ်(WB)တို့အပါအဝင် အဓိကနိုင်ငံတကာအဖွဲ့အစည်းများ၏ ပံ့ပိုးမှုဖြင့် တီထွင်ခဲ့ခြင်းဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။

အဆိုပါစီမံကိန်းအောက်တွင် တင်းကြပ်သောနည်းပညာစံနှုန်းများနှင့်ကိုက်ညီသော ဆန်ထုတ်ကုန်များအတွက် အဆိုပါတံဆိပ်ကိုပေးအပ်သွားမည်ဖြစ်ကြောင်း၊ အရည် အသွေးမြင့်မားပြီး ဖန်လုံအိမ်အာနိသင်ထုတ်လွှတ်မှုနည်းသော ဆန်၏မူလဇာတ်မြစ်၊ အမျိုးအစားနှင့် ထုတ်လုပ်မှုစံချိန်စံညွှန်း လိုက်နာမှုပေါ်မူတည်ပြီး ဒေသစိုက်ပျိုးရေးအာဏာပိုင်များနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ အသိအမှတ်ပြုလက်မှတ်များထုတ်ပေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

အမှတ်တံဆိပ်စည်းမျဉ်းများထုတ်ပြန်ပြီးနောက် VIETRISA သည် ကုမ္ပဏီခုနှစ်ခုအား ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုနည်းသော အစိမ်းရောင်ဗီယက်နမ်ဆန်တံဆိပ်ကိုအသုံးပြုရန် တရားဝင်ခွင့်ပြုခဲ့ပြီး ကုမ္ပဏီများအနေဖြင့် စံချိန်စံညွှန်းပြည့်မီသော ဆန်တန်ချိန် ၂၀,၀၀၀ ခန့်ထုတ်လုပ်ရန်ဖြစ်ကြောင်း သိရှိရပါသည်။

စိုက်ပျိုးရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E Tran Thanh Nam က အဆိုပါအောင်မြင်မှုသည် မိရိုးဖလာစိုက်ပျိုးထုတ်လုပ် မှုမှ တောင်သူလယ်သမားများ၏ အတွေးအခေါ်များပြောင်းလဲလာမှုကို ထင်ဟပ်စေကြောင်း အလေးအနက်ထားပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။

အဆိုပါဆောင်ရွက်မှုသည် မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသရှိ ဆန်စပါးထုတ်လုပ်မှုလုပ်ငန်း၏ အရေးပါသောအခန်းကဏ္ဍကို ပိုမိုခိုင်မာစေသကဲ့သို့ သဘာဝပတ်ဝန်း ကျင်နှင့်သဟဇာတဖြစ်ပြီး ရေရှည်တည်တံ့သောစိုက်ပျိုးရေးအလေ့အကျင့်များတွင် ဗီယက်နမ်၏ဦးဆောင်မှုကို ပြသလျက်ရှိကြောင်း ဖော်ပြထားပါသည်။

Source: Vietnam Plus

(ဝင့်နန္ဒာကျော်ကျော်၊ စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)

Category: International News